ဂါဇာစီးတီးကို အစ္စရေးတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ ဦးအပါအဝင် အနည်းဆုံး ၁၀ ဦး သေဆုံး

(နိုင်ငံတကာ)မေ ၂၈

    ​​​​​ဂါဇာကမ်းမြောင်ဒေသတွင် အမည်ခံ “အပစ်အခတ်ရပ်စဲရေး” ကြေညာထားသော်လည်း အစ္စရေးစစ်တပ်၏ နေ့စဉ်နီးပါး တိုက် ခိုက်မှုများကြောင့် ဂါဇာမြောက်ပိုင်း ဂါဇာစီးတီးရှိ လူနေအဆောက်အအုံတစ်ခုအတွင်း ကလေးငယ် ၄ ဦးအပါအဝင် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၁၀ ဦး သေဆုံးပြီး အခြားလူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

     ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ဖြစ်ပွားခဲ့သည့် ယခုလေ ကြောင်းတိုက်ခိုက်မှုသည် ဟားမတ်စ်လက်နက်ကိုင်တပ်ဖွဲ့ ၏ အကြီး အကဲအဖြစ် အသစ်ခန့်အပ်ခံရပြီးနောက် အစ္စရေး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့် မိုဟာမက် အိုဒါး (Mohammad Odeh)၊ ၎င်း၏ ဇနီးနှင့် သားဖြစ်သူတို့၏ ဈာပနအခမ်းအနားပြီးစီးပြီး နာရီပိုင်းအကြာမှာပင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

     အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အိုဒါးသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း ဟားမတ်စ်၏ ထောက်လှမ်းရေးအကြီးအကဲအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်းနှင့် ဟားမတ်စ်ခေါင်းဆောင်ပိုင်းကို အမြစ်ပြတ်ချေမှုန်းရန် စစ်ဆင်ရေးကို ဆက်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

     မြေပြင်သတင်းပေးပို့ချက်များအရ လေကြောင်းတိုက် ခိုက်မှုဖြစ်ပွားချိန်တွင် ကလေးငယ်အများအပြားသည် အနီးအနားရှိ ပန်းခြံတစ်ခုတွင် ဆော့ကစားနေကြခြင်းဖြစ်ပြီး၊ အစ္စရေး၏ မမျှော်လင့်ဘဲ ဗုံးကြဲမှုများကြောင့် မိဘများအနေဖြင့် ကလေးငယ်များကို အပြင်သို့ပေးမထွက်ရဲဘဲ နေအိမ်များနှင့် ဒုက္ခသည်တဲများအတွင်း၌သာ ပိတ်လှောင်ထားရသည့် စိုးရိမ်ထိတ်လန့်စရာ အခြေအနေများနှင့် ရင် ဆိုင်နေရသည်။

     အောက်တိုဘာလမှ စတင်ခဲ့သည့် အပစ်ရပ်သက်တမ်း ၂၂၇ ရက်တာကာလအတွင်း အစ္စရေးစစ်တပ်သည် သဘောတူညီချက်ကို အကြိမ်ပေါင်း ၃,၀၀၀ ကျော် ဖောက် ဖျက်ကျူးလွန်ခဲ့ကြောင်း ဂါဇာအစိုးရပြန်ကြားရေးရုံးက ထုတ်ပြန်ထားသည်။ ထို့အပြင် ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးထရပ်ကား ဝင်ရောက်မှုတွင်လည်း သဘောတူညီထားသည့် ကားအစီးရေ ၁၃၅,၆၀၀ အနက် ၄၉,၉၇၃ စီး (၃၆ ရာခိုင်နှုန်း) သာ နယ်မြေအတွင်း ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

     လက်ရှိတွင် အစ္စရေးဘက်က ဟားမတ်စ်တို့ လက်နက်စွန့်ရန် ငြင်းဆန်မှုကို အကြောင်းပြနေပြီး၊ ဟားမတ်စ်ဘက်ကလည်း အစ္စရေး၏ အပစ်ရပ်ချိုးဖောက်မှုများနှင့် ကယ်ဆယ်ရေးပစ္စည်းပိတ်ဆို့မှုများကြောင့် ဆွေးနွေးပွဲများ ရပ်တန့်နေရကြောင်း အပြန်အလှန်စွပ်စွဲနေကြသဖြင့် နှစ်ဖက်စလုံး စစ်ပွဲအပြည့်အဝ ပြန်လည်စတင်လာနိုင်သည့်အပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်လျက်ရှိသည်။

Telegram»…
https://t.me/positiveanglenews

#PAN