(စိုက်ပျိုးရေး) အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၏ အရေးပေါ်ကာကွယ်ရေးနှင့် ရေရှည်ကြံ့ခိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လာမည့် ဒီဇင်ဘာ ၁၅ ရက်မှစတင်ကာ နွေစပါးစိုက်ဧက ၅,၃၇၄ ဧကအတွက် စိုက်ပျိုးရေ ပေးဝေနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
လက်ရှိတွင် တမံ၏ ရေမှတ်မှာ ၂၉၇ ဒသမ ၆ ပေရှိပြီး သိုလှောင်ရေပမာဏမှာ ၅၁,၁၃၉ ဧကပေဖြစ်သည်။
တမံဘေးကင်းလုံခြုံရေးအတွက် သိုလှောင်ရေကို ထိန်းညှိလျှော့ချလျက်ရှိသည့်အပြင် Geophysics (ဘူမိရူပ) နည်းပညာအသုံးပြု၍ မြေအောက်အခြေအနေများကို စစ်ဆေးနေကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက မမြရေလှောင်တမံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်
။တမံအိလျောကျသည့်နေရာတစ်လျှောက် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက်ခတ်ခြင်းတို့မှ ကာကွယ်နိုင်ရန် မိုးရေကာဖျင်များဖြင့် အုပ်မိုးထားမှု၊ တမံအခြေတွင် မြေသားထပ်မံဖို့၍ အားဖြည့်ထားမှု၊ ရေစစ်ကျောက်ရိုး (Rock Toe) နှင့် ရေစစ်သဲလွှာများ တည်ဆောက်နေမှုတို့ကို စစ်ဆေးခဲ့သည်။
ထို့ပြင် တမံတည်ဆောက်ရာတွင် အသုံးပြုမည့် မြေသားများ၏ သိပ်သည်းဆနှင့် ခံနိုင်ရည်အားကို စစ်ဆေးရန် Standard Penetration Test (SPT) စမ်းသပ်မှုများ၊ လုပ်ငန်းအရည်အသွေး ထိန်းချုပ်စစ်ဆေးမှု (Quality Control – QC) နှင့် တမံပြန်လည်တည်ဆောက်ရေးအတွက် မြေရယူမည့်နေရာများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများကို လာမည့်မိုးရာသီမတိုင်မီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားလိုက်နာရန် မှာကြားခဲ့သည်။
ယင်းနောက် တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် တမံအိလျောကျမှုအပေါ် လိုအပ်သည့်အချိန်တွင် ရေထုတ်လွှတ်နိုင်ရန် အရေးပေါ်ရေပိုလွှဲ၌ ရေတံခါးတပ်ဆင်ထားသည့် ရေပိုလွှဲ (Gated Spillway) ဒီဇိုင်းထည့်သွင်းစဉ်းစားနေမှုများကို ဆွေးနွေးခဲ့ကြသည်။
မမြရေလှောင်တမံ၏ တမံကျောဘက်အလျော အိလျောကျမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဘူမိရူပတိုင်းတာမှုနှင့် အင်ဂျင်နီယာဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများ ဆောင်ရွက်လျက်ရှိသည်။
ရရှိလာသည့် အချက်အလက်များအပေါ် မူတည်၍ တမံ၏ လက်ရှိကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကို အကဲဖြတ်သွားမည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး၊ စောင့်ကြည့်စစ်ဆေးရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN