အမေရိကန်-အီရန် အပစ်ရပ်သဘောတူညီချက် ရရှိလုနီး ပါး မျှော်လင့်ချက်ကြောင့် ကမ္ဘာ့စတော့ဈေးကွက်များ စံချိန်တင်မြင့်တက်ပြီး ရေနံဈေးနှုန်းများ ပြန်လည်ထိုးကျ

(နိုင်ငံတကာ)မေ ၂၈

    ​​​​အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား သုံးလနီးပါးကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်မည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ရရှိရန် နီးကပ်နေပြီဆိုသည့် မျှော်လင့်ချက်အသစ်များကြောင့် အမေရိကန်စတော့ဈေးကွက်သည် စံချိန်တင်အမြင့်ဆုံးအဆင့်အနီးသို့ ရောက်ရှိလာပြီး ရေနံဈေးနှုန်းများမှာလည်း ထိုးကျသွားခဲ့သည်။

     ဝါရှင်တန်နှင့် တီဟီရန်အကြား ကာတာနိုင်ငံ၌ ညှိနှိုင်းမှုများ ဆက်လက်ရှိနေစဉ် ယခုကဲ့သို့ ဈေးကွက်များ ပြန်လည်ဦးမော့လာခြင်းဖြစ်ပြီး၊ အဆိုပါ သဘောတူညီချက်သည် အရေးပါသော ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)ကို ပြန်လည်ဖွင့်လှစ်ပေးနိုင်လိမ့်မည်ဟု စျေးကွက်က မျှော်လင့်နေကြသည်။ ယင်းက ကမ္ဘာ့စီးပွားရေးကို ထိခိုက်နေသည့် စွမ်းအင်ထောက်ပံ့မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် မရေရာမှုများကို ပြေလျော့စေမည် ဖြစ်သည်။

     အလားအလာရှိသော သဘောတူညီချက်တစ်ခုအတွက် မူဘောင်ကို ဖော်ပြထားသည့် ပဏာမစာရွက်စာတမ်းတစ် ရပ်ကို ရရှိထားကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့ပြီးနောက် ရေနံဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့သည်။ အမေရိကန်ရေနံစိမ်းဈေးနှုန်းသည် ၅.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တစ်ပီပါလျှင် ၈၈.၆၈ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ကာ၊ ဘရန့်ဒ် (Brent) ရေနံစိမ်းဈေးနှုန်းမှာမူ ပြီးခဲ့သည့်အပတ်က ၁၀၀ ဒေါ်လာအထက်တွင် ရှိခဲ့ရာမှ ယခုအခါ ၉၂ ဒေါ်လာသို့ ကျဆင်းသွားခဲ့သည်။

     အီရန်သတင်းများအရ သဘောတူညီချက်တွင် အီရန်အနေဖြင့် ရေလက် ကြားမှတစ်ဆင့် ကုန်စည်စီးဆင်းမှုများကို ရက်ပေါင်း ၃၀ အတွင်း စစ်မဖြစ်မီက အဆင့်အတန်းအတိုင်း ပြန်လည်ခွင့်ပြုပေးမည်ဖြစ်ပြီး၊ အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းများအပေါ် ချမှတ်ထားသည့် ရေတပ်ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်ဟု ပါရှိသည်။

     သို့သော်လည်း ဝါရှင်တန်နှင့် တီဟီရန်တို့သည် လက်ရှိညှိနှိုင်းမှုများနှင့် ပတ်သက်၍ ရှေ့နောက်မညီသော ကွဲလွဲသည့် ထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့ကြသည်။ အိမ်ဖြူတော်နှင့် သမ္မတ ဒေါ်နယ်ထရန့်ကမူ အီရန်ဘက်က သတင်းထုတ်ပြန်မှုကို “လုံးဝ လုပ် ကြံဖန်တီးမှု”ဟု ပယ်ချခဲ့ပြီး အီရန်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို လျှော့ချပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

     ထရန့်က အမေရိကန်အရာရှိများသည် သဘောတူညီချက်အပေါ် ချက်ချင်း စိတ်ကျေနပ်မှု မရှိသေးသော်လည်း ရလာလိမ့်မည်ဟု ယူဆကြောင်း၊ အကယ်၍ အီရန်ဘက်က အလျှော့မပေးပါက ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth)အနေဖြင့် စစ်ရေးအရ အဆုံးသတ်ပစ်ရလိမ့်မည်ဟု သတိပေးခဲ့သည်။

     ထို့အပြင် နှစ်ဖက်စလုံးအနေဖြင့် အဓိကသဘောထားကွဲ လွဲနေသည့် အချက်များဖြစ်သော အီရန်၏ သန့်စင်ပြီး ယူဘရေနီယံ ၄၄၀ ကီလိုဂရမ် ကံကြမ္မာ၊ နျူကလီးယားအခြေခံအဆောက် အအုံများ ဖျက်သိမ်းရေး၊ ဘာလစ်စတစ်ဒုံးကျည်များနှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ (အထူးသဖြင့် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ) အရေးတို့အပေါ် နားလည်မှုရရှိခြင်း ရှိမရှိဆိုသည်မှာ ဆက်လက်မပြတ်သားသေးပေ။

      စစ်ရေးအရလည်း အမေရိကန်သည် ဟော်မုဇ်ရေလက် ကြားကို ခြိမ်းခြောက်သည်ဟုဆိုကာ ဘန်ဒါအာဘတ်စ်ဆိပ်ကမ်းအနီးရှိ အီရန်စစ်ဘက်နေရာတစ်ခုကို တိုက်ခိုက်မှုအသစ်များ ပြုလုပ်ခဲ့သလို၊ အစ္စရေးကလည်း လက်ဘနွန်တောင်ပိုင်းသို့ ကုန်းကြောင်းကျူးကျော်မှုများကို မြှင့်တင်လျက်ရှိသည်။

Telegram»…
https://t.me/positiveanglenews

#PAN