ကုမ္ပဏီတွင်း လျှို့ဝှက်ချက်ကိုသုံး၍ ခန့်မှန်းချက်ပလက် ဖောင်းတွင် ဒေါ်လာ ၁.၂ သန်းကျော် အနိုင်ရအောင် လောင်း ကစားခဲ့သည့် Google အင်ဂျင်နီယာတစ်ဦး တရားစွဲဆိုခံရ

(နိုင်ငံတကာ)မေ ၂၈

    ​​​​Google ကုမ္ပဏီ၏ နှစ်ပတ်လည် အရှာဖွေအများဆုံးစာရင်း လျှို့ဝှက်ချက်များကို အသုံးချကာ “Polymarket” အနာဂတ်ခန့်မှန်းချက် ပလက်ဖောင်းပေါ်တွင် ဒေါ်လာ ၁.၂ သန်းကျော် အနိုင်ရရှိအောင် မမှန်မကန် လောင်းကြေးထပ်ခဲ့သည့် Google ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးအား အမေရိကန်အာဏာပိုင်များက အင်ဆိုက်ဒါထရန်းဒင်း (Insider Trading)နှင့် လိမ်လည်မှုစွဲချက်များဖြင့် တရားစွဲဆိုလိုက်သည်။

     ဗုဒ္ဓဟူးနေ့က နယူးယောက်ဖက်ဒရယ်တရားရုံးတွင် ဖွင့်လှစ်ခဲ့သည့် ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်အရ ဆွစ်ဇာလန်နိုင်ငံတွင် နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် အီတလီနိုင်ငံသား Google ဝန်ထမ်း မီခေးလ် စပါဂနူအိုလို (Michele Spagnuolo)သည် Google ၏ ၂၀၂၅ ခုနှစ်အတွက် “Year in Search” (တစ်နှစ်တာအတွင်း အရှာဖွေအများဆုံးစာရင်း)ရလဒ်များနှင့် ပတ်သက်၍ “AlphaRaccoon” ဟု အမည်ရသည့် လျှို့ဝှက်အကောင့်တစ်ခုကို အသုံးပြုကာ စုစုပေါင်း ဒေါ်လာ ၂.၇၅ သန်းခန့် လောင်းကြေးထပ် အရောင်းအဝယ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

     ၎င်းသည် Google ၏ စာရင်းဇယား လျှို့ဝှက်ချက်များကို ဝင်ရောက်ကြည့်ရှုပြီး နာရီပိုင်းအကြာမှာပင် “အရှာဖွေအများဆုံးလူပုဂ္ဂိုလ်” ကဏ္ဍ၌ အင်ဒီပေါ့ပ်တေးသံရှင် d4vd က ထိပ်ဆုံးက ပါဝင်လာမည်ဖြစ်ကြောင်း Polymarket တွင် မှန်ကန်စွာ ခန့် မှန်းလောင်းကြေးထပ်ခဲ့သည်ဟု အစိုးရရှေ့နေများက ထောက်ပြထားသည်။ လက်ရှိတွင် စပါဂနူအိုလိုသည် ကုန်စည်လိမ်လည်မှု၊ ကြေးနန်းဆက်သွယ်ရေးစနစ်သုံး လိမ်လည်မှုနှင့် ငွေကြေးခဝါချမှုစွဲချက်များနှင့် ရင်ဆိုင်နေရပြီး Google ကလည်း ၎င်းအား အလုပ်မှ ယာယီရပ် ဆိုင်းထားကြောင်း ထုတ်ပြန်သည်။

     နယူးယောက်တောင်ပိုင်းခရိုင် အစိုးရရှေ့နေ ဂျေး ကလေတန် (Jay Clayton)က “ကုမ္ပဏီတွင်းက လူတွေအနေနဲ့ စျေးကွက်ထဲမှာ အမြတ်ထုတ်ဖို့ လျှို့ဝှက်စီးပွားရေးအချက်အလက်တွေကို အသုံးမချနိုင်ပါဘူး။ ဒီလို လောဘ ဇောတိုက်တဲ့ လုပ်ရပ်တွေကို ထိရောက်စွာ အရေးယူသွားမှာပါ” ဟု ပြောကြားခဲ့သည်။

  ဘယခုဖြစ်စဉ်နှင့် ပတ်သက်၍ Polymarket ပြောရေးဆို ခွင့်ရှိသူကလည်း ၎င်းတို့အနေဖြင့် အမေရိကန်အစိုးရရှေ့နေရုံးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ အင်ဆိုက်ဒါထရန်းဒင်းဖြင့် တရားစွဲဆိုနိုင်သည်အထိ ကူညီပေးခဲ့သည့် ပထမဆုံး ခန့်မှန်းချက်ပလက်ဖောင်းဖြစ်ကြောင်း ဆိုသည်။

     ပြီးခဲ့သည့်လကလည်း အမေရိကန်စစ်သားတစ်ဦးသည် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုအား ဖမ်းဆီးမည့် စစ်ဘက်လျှို့ဝှက်ချက်ကို သုံးကာ Polymarket ပေါ်တွင် ဒေါ်လာ ၄၀၀,၀၀၀ ကျော် ဖိုး လောင်းကြေးထပ် အမြတ်ထုတ်ခဲ့မှုဖြင့် တရားစွဲဆိုခံခဲ့ရဖူးသည်။

Telegram»…
https://t.me/positiveanglenews

#PAN