
(နိုင်ငံတကာ)မေ ၂၆
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် အီရန်ထိပ်သီးကိုယ်စားလှယ်အဖွဲ့ ကာတာနိုင်ငံ ဒိုဟာမြို့သို့ ရောက်ရှိကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေကြစဉ်အတွင်း၊ အမေရိကန်စစ်တပ်က အီရန်တောင်ပိုင်းရှိ ပစ်မှတ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြု လုပ်ခဲ့ကြောင်း သိရသည်။
အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM)၏ ထုတ်ပြန်ချက်အရ ယခုတိုက်ခိုက်မှုသည် အီရန်တပ်ဖွဲ့များထံမှ ကျရောက်လာနိုင်သည့် ခြိမ်းခြောက်မှုများဘေးမှ မိမိတို့စစ်သည်များကို ကာကွယ်ရန် “ခုခံကာကွယ်သည့် တိုက်ခိုက်မှုများ” (Self-defence strikes)ဖြစ်ပြီး၊ ပစ်မှတ်များတွင် ဒုံးကျည်ပစ်လွှတ်သည့်နေရာများနှင့် ဟော်မုဇ်ရေလက်ကြားအတွင်း ရေမိုင်းထောင်ရန် ကြိုးပမ်းနေသည့် အီရန်ရေယာဉ်များ ပါဝင်ကြောင်း သိရသည်။
ယခုတိုက်ခိုက်မှုသည် ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့ကတည်း က နှစ်ဖက်စလုံး တရားဝင်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာနေကြစဉ်အတွင်း ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ လက်ရှိလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လမ်းချော်သွားစေနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။
သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်သွားရန် အလွန်ဆန္ဒပြင်းပြလျက်ရှိသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီနှင့် ပါလီမန်ဥက္ကဋ္ဌ ဂါလီဘတ်ဖ်တို့ ဦးဆောင်သည့် အဆင့်မြင့်ကိုယ် စားလှယ်အဖွဲ့ ဒိုဟာသို့ ရောက်ရှိလာချိန်တွင် သမ္မတထရန့်က ဆွေးနွေးပွဲများမှာ အဆင်ပြေချောမွေ့စွာ လည်ပတ်နေသည်ဟု ပြောကြားခဲ့သော်လည်း ၎င်း၏ လူမှုကွန်ရက်တွင် “ဒါဟာ အားလုံးအတွက် ‘အလွန်ကောင်းမွန်တဲ့ သဘောတူညီချက်’ တစ်ခုပဲ ဖြစ်ရပါမယ်။
မဟုတ်ရင်တော့ လုံးဝသဘောတူညီချက်ရမှာမဟုတ်ဘဲ စစ်မြေပြင်ဆီ ပြန်သွားပြီး အရင်ကထက် ပိုမိုကြီးမားပြင်း ထန်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဆီ ပြန်ရောက်သွားပါလိမ့်မယ်” ဟု ပြတ်ပြတ်သားသား ရေးသားကာ အီရန်ဘက်ကို သတိပေးထား သည်။
Telegram»…
https://t.me/positiveanglenews
#PAN