(စီးပွားရေး) နိုဝင်ဘာ ၄
စက်ရုံ၊ အလုပ်ရုံများတွင် ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီးဆုံးသူများကို ၎င်းတို့၏ ကျွမ်းကျင်မှုအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး အလေးထားဆောင်ရွက်ပေးရန် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မှာကြားခဲ့သည်။
နိုဝင်ဘာ ၂ ရက်က ကျင်းပသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) တွင် ၎င်းက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုနိုဝင်ဘာလအတွင်း ပဲခူးတိုင်းဒေသကြီး၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် စက်မှုလုပ်ငန်းနှစ်ခုအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၅၇ သန်းနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် စက်မှုလုပ်ငန်းတစ်ခုအတွက် ငွေကျပ် ၃,၆၉၆ ဒသမ ၈၉၄ သန်း ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ဒေသတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကို တန်ဖိုးမြှင့်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်မည့် လုပ်ငန်းများနှင့် ပြည်ပသွင်းကုန်အစားထိုး ထုတ်လုပ်ရေးလုပ်ငန်းများကို ဦးစားပေးဖိတ်ခေါ်ရန် ဝန်ကြီးချုပ်က မှာကြားခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Asian Great Myanmar Co., Ltd. က ဆောင်ရွက်မည့် အထပ်သားထုတ်လုပ်ရေးလုပ်ငန်းသစ် လျှောက်ထားမှု၊ စက်ပစ္စည်းတင်သွင်းမှု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်မှုနှင့် စက်ရုံ၊ အလုပ်ရုံ တည်ဆောက်ရေးကာလ သက်တမ်းတိုးမြှင့်မှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN