(မှုခင်း) နိုဝင်ဘာ ၄
မြန်မာနိုင်ငံတွင် ကျပ် ၉ ဒသမ ၄၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနှင့် ဆက်စပ်၍ အလိုရှိနေသည့် တရားခံပြေးတစ်ဦးကို ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
လွှဲပြောင်းပေးအပ်ခံရသူမှာ အသက် ၄၂ နှစ်အရွယ် အောင်ဇော်မင်းခန့် (ချမ်းအေးသာစံမြို့နယ်၊ မန္တလေး) ဆိုသူဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၌ ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြား ၅၆ သိန်းနှင့် ဆက်စပ်ကွင်းဆက်များအပါအဝင် စုစုပေါင်း ကျပ် ၉ ဒသမ ၄၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုတွင် အဓိကစီမံခန့်ခွဲသူအဖြစ် စွပ်စွဲခံထားရသူဖြစ်သည်။
၎င်းသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက ဘန်ကောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ခြင်းဖြစ်ပြီး မြန်မာဘက်မှ သတင်းဖလှယ်ပေးပို့ချက်အရ အောက်တိုဘာ ၄ ရက်တွင် ဘန်ကောက်မြို့ ဟွိုင်ခွမ်ခရိုင်အတွင်း၌ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) နှင့် လူဝင်မှုကြီးကြပ်ရေးဗျူရို ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တရားခံပြေးအား နိုဝင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲတွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) တားဆီးဌာနမှူး Mr. Kanison Papernon ဦးဆောင်သောအဖွဲ့က သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံအစိုးရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN