
(နိုင်ငံတကာ)မေ ၂၅
အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြစဉ်၊ အမေရိကန်နိုင်ငံအနေဖြင့် အီရန်နှင့် ခိုင်မာသည့် သဘောတူညီချက်တစ်ရပ် ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက အဆို ပါနိုင်ငံအား “အခြားနည်းလမ်း” (စစ်ရေးအရ အရေးယူမှု) ဖြင့် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက သတိပေးပြောကြားလိုက်သည်။
ယင်းသည် စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက် ရလုနီးပြီဟူသော မျှော်လင့်ချက်များကို သမ္မတ ဒေါ်နယ်ထရန့်က ပြန် လည်လျှော့ချလိုက်ပြီးနောက် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ရူဘီယိုက သတင်းထောက်များကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။
နှစ်ဖက်စလုံးသည် ပြီးခဲ့သည့် ဧပြီလကတည်းက အပစ်အခတ်ရပ်စဲရေးကို လိုက်နာနေကြပြီး ကြားဝင်စေ့စပ်ပေးသူများက ညှိနှိုင်းအဖြေရှာရန် တွန်းအားပေးနေကြသော် လည်း၊ လက်ရှိအချိန်အထိ အီရန်ဘက်က ဟော်မုဇ်ရေလက် ကြားကို အဓိကပိတ်ဆို့ထားဆဲဖြစ်ပြီး အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းများကို ရေတပ်ဖြင့် ပိတ်ဆို့ထားဆဲဖြစ်သည်။
သမ္မတ ထရန့်က ၎င်း၏ လူမှုကွန်ရက်တွင် အမေရိကန် ၏ ပိတ်ဆို့ထားမှုများသည် သဘောတူညီချက်တစ်ရပ် ရရှိ၊ အတည် ပြုပြီး လက်မှတ်မထိုးမချင်း အပြည့်အဝ ဆက်လက်သက်ရောက်နေမည်ဖြစ်ကြောင်းနှင့် နှစ်ဖက်စလုံးအနေဖြင့် အချိန်ယူပြီး သေသေချာချာ မှန်မှန်ကန်ကန် လုပ်ဆောင်ရမည်ဟု ရေးသားခဲ့သည်။ ယင်းအပေါ် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့နှင့် နီးစပ်သည့် တက်စ်နင်းမ် (Tasnim)သတင်းဌာနကမူ အမေရိကန် သည် ဖြစ်ပေါ်လာနိုင်ခြေရှိသော သဘောတူညီချက်၏ အချို့သောအစိတ် အပိုင်းများကို ဟန့်တားနှောင့်ယှက်နေဆဲ ဖြစ် ကြောင်း ပြန်လည်စွပ်စွဲထားသည်။
သို့သော်လည်း အမေရိကန်အစိုးရအဖွဲ့၏ အဆင့်မြင့်အရာရှိတစ်ဦး၏ အဆိုအရ အီရန်အနေဖြင့် ၎င်းတို့၏ ဆင့် ကဲသန့်စင်ထားသော ယူရေနီယံများကို ဖယ်ထုတ်ရန်နှင့် ဟော်မုဇ်ရေလက် ကြားကို ပြန်ဖွင့်ပေးရန် “မူအားဖြင့်” သဘောတူညီခဲ့ပြီး၊ ယင်းမူကြမ်းကို အီရန်အဓိပတိသစ် မော့ဂျ်တာဘာ ခါမေနီ ကလည်း အတည်ပြုပေးခဲ့သည်ဟု သိရသည်။
သို့သော်လည်း နျူကလီးယားဆိုင်ရာ အစီအမံများကို မည်သည့်နည်းလမ်းဖြင့် ဖယ်ထုတ်မည်ဆိုသည့် အသေးစိတ်အချက် အလက်များကို ညှိနှိုင်းရန်မှာမူ အချိန်ပိုမိုယူရဦးမည် ဖြစ်သည်။
နိုင်ငံရေးလေ့လာဆန်းစစ်သူများကမူ အမေရိကန်နှင့် အီရန်အကြား ယခုကဲ့သို့ အပြန်အလှန်အခြေအတင်ဖြစ်နေခြင်းနှင့် ထရန့်အစိုးရအဖွဲ့၏ ပေါ်လစီအပြောင်းအလဲ မြန် ဆန်မှုများကြောင့် ရေရှည်တည်တံ့မည့် သဘောတူညီချက်တစ်ခုကို မကြာမီအချိန်အတွင်း လွယ်လွယ်ကူကူ ရရှိနိုင်ခြေမရှိသေးကြောင်း သုံးသပ်ထားကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN