
(လွှတ်တော်) မေ ၂၅
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်ရည်ရွယ်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးစေရေး ဆွေးနွေးပွဲတစ်ခု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲပြုလုပ်နိုင်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို မေ ၂၅ ရက်နေ့ နံနက် ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် Conference Room ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မုံရွာတက္ကသိုလ် ပါမောက္ခချုပ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်တို့က ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်၊ မုံရွာတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ မုံရွာတက္ကသိုလ် ဥပဒေပညာဌာန ဌာနမှူး၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးမြင့်တင်နှင့် အတွင်းရေးမှူး ဦးရဲမိုးနိုင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။