
(နိုင်ငံတကာ)မေ ၁၀
အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်ရှိ လေ ဆိပ်တစ်ခုတွင် လူတစ်ဦးသည် လေဆိပ်စည်းရိုးကို ကျော်တက်ကာ ပြေးလမ်းအတွင်း ဝင်ရောက်ခဲ့ပြီးနောက် ပျံတက်ရန် ပြင်ဆင်နေသည့် Frontier Airlines လေယာဉ်နှင့် တိုက်မိကာ သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဒင်းဗားအပြည်ပြည်ဆိုင်ရာလေဆိပ် (Denver International Airport) ၏ ထုတ်ပြန်ချက်အရ ဤပုံမှန်မဟုတ်သော ဖြစ်စဉ်သည် သောကြာနေ့ညနှောင်းပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမည်မသိရသေးသူတစ်ဦးသည် လေယာဉ်ရပ်နားရာကွင်းအတွင်းသို့ ခိုးဝင်ခဲ့ခြင်းဖြစ်သည်။
“အဆိုပါ လမ်းသွားလမ်းလာဟာ လေဆိပ်စည်းရိုးကို ကျော်တက်ခဲ့ပြီး နှစ်မိနစ်အကြာမှာပဲ လေယာဉ်ပြေးလမ်းကို ဖြတ်ကူးစဉ် တိုက်မိခဲ့တာဖြစ်ပါတယ်” ဟု လေဆိပ်ဘက်က ဆိုသည်။
တိုက်မိမှုဖြစ်ပွားပြီးနောက် လေယာဉ်အင်ဂျင်တွင် ခေတ္တမီးလောင်မှုဖြစ်ပွားခဲ့သော်လည်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ငြှိမ်းသတ်နိုင်ခဲ့သည်။ လေယာဉ်ပေါ်တွင် လိုက် ပါလာသည့် ခရီးသည်နှင့် လေယာဉ်အဖွဲ့သား စုစုပေါင်း ၂၃၁ ဦးအနက် ၁၂ ဦးမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး ၎င်းတို့အထဲမှ ၅ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
စုံစမ်းစစ်ဆေးရေးမှူးများက အဆိုပါပုဂ္ဂိုလ် ကျော်တက်ခဲ့သည့် စည်းရိုးတစ်လျှောက်ကို စစ်ဆေးခဲ့ရာတွင် စည်းရိုးမှာ ပျက်စီးနေခြင်းမရှိဘဲ ကောင်းမွန်စွာရှိနေသည်ကို တွေ့ရှိခဲ့သည်။ ထို့ပြင် သေဆုံးသူမှာ လေဆိပ်ဝန်ထမ်းတစ်ဦး မဟုတ်ဟု ယူဆရကြောင်းလည်း လေဆိပ်က ထည့်သွင်းပြောကြားခဲ့သည်။

“ဒီဖြစ်ရပ်အတွက် ကျွန်တော်တို့ အလွန်ပဲ ဝမ်း နည်းကြေကွဲရပြီး သက်ဆိုင်သူအားလုံးကို ကိုယ်ချင်းစာနာကြောင်း ဖော်ပြအပ်ပါတယ်” ဟု လေဆိပ်က ဆိုသည်။ လက်ရှိတွင် ဒေသခံအာဏာပိုင်များနှင့် အမျိုးသားသယ်ယူပို့ဆောင်ရေး လုံခြုံမှုဘုတ်အဖွဲ့ (NTSB) တို့က ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ အဆိုပါ Frontier Airlines လေယာဉ်မှာ လော့စ်အိန်ဂျလိစ် အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ပျံသန်းရန် စီစဉ်ထားခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံတွင် လေဆိပ်လုံခြုံရေးနှင့် ပတ် သက်၍ ယခုနှစ်အစောပိုင်းက ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) ပိတ်ထားရမှုကြောင့် လုံခြုံရေးအေးဂျင့်များ(TSA) နှင့် လေကြောင်းထိန်းသိမ်းရေးသမားများ လစာမရဘဲ အလုပ်လုပ်ခဲ့ရသည့် ဖြစ်စဉ်များအပြီးတွင် ဝေဖန်မှုများ ပြန်လည်မြင့်တက်လာခဲ့သည်။
လေဆိပ်ကွင်းအတွင်း လူသေဆုံးမှုမျိုးမှာ ဖြစ်ခဲသော် လည်း ဤဖြစ်စဉ်မတိုင်မီ တစ်ရက်အလိုကလည်း အော်လန်ဒို အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေဆိပ်သုံးယာဉ်တစ်စီးနှင့် လေယာဉ်ကူးတံတား တိုက်မိမှုကြောင့် Delta ဝန် ထမ်းတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။ ဒင်းဗားအပြည်ပြည်ဆိုင်ရာလေဆိပ်သည် တစ်နေ့လျှင် ခရီးသည်ပေါင်း ၂၂၅,၀၀၀ ခန့် အသုံးပြုနေသည့် လေဆိပ်တစ်ခု ဖြစ်သည်။
#AirportSecurity #NTSB #AviationSafety #USNews #TravelWarning #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN