
(နိုင်ငံတကာ)မေ ၁၀
ဒေါ်နယ်ထရန့်၏ Truth Social လူမှုမီဒီယာပလက် ဖောင်း၏ မိခင်ကုမ္ပဏီဖြစ်သော Trump Media and Technology Group (TMTG) သည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် အရှုံးပေါ်ခဲ့ကြောင်း အစီရင်ခံထားသည်။ ဤသို့အရှုံးပေါ်ရခြင်းမှာ အဓိကအားဖြင့် ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံထားသည့် ခရစ်ပတိုကာရင်စီ (Cryptocurrency) ပိုင်ဆိုင်မှုများ တန်ဖိုးထိုးကျသွားခြင်းကြောင့်ဖြစ်သည်။
မတ်လ ၃၁ ရက်နေ့ ကုမ္ပဏီ၏ တရားဝင်မှတ်တမ်းများအရ TMTG သည် ယခုနှစ် ပထမသုံးလအတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၇၀,၀၀၀ ခန့် ရရှိခဲ့ပြီး အသားတင်ရောင်းအားမှာ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ခရစ်ပတိုရင်းနှီးမြှုပ်နှံမှုများကြောင့် အကြီးအကျယ် အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ အမေရိကန်သမ္မတ ထရန့်သည် ကုမ္ပဏီရှယ်ယာ ၄၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ၎င်းရာထူးလက်ရှိဖြစ်နေစဉ်အတွင်း ၎င်း၏ဘဏ္ဍာရေးအကျိုး စီးပွားများကို ယုံ ကြည်အပ်နှံမှုအဖွဲ့(Trust) တစ်ခုမှတစ်ဆင့် စီမံခန့်ခွဲနေခြင်းဖြစ်သည်။ ထရန့်သည် ၂၀၂၀ ရွေးကောက်ပွဲအပြီးနှင့် ၂၀၂၁ ဇန်နဝါရီ ၆ ရက် လွှတ်တော်အဆောက်အအုံ ဆူပူအုံကြွမှုဖြစ်စဉ်များကြောင့် အဓိကလူမှုမီဒီယာများမှ ပိတ်ပင်ခံရပြီးနောက် Truth Social ကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
TMTG ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်က ခရစ်ပတိုကာရင်စီများတွင် ရင်းနှီးမြှုပ်နှံရန် ဒေါ်လာ ၂.၅ ဘီလီယံအထိ ရန်ပုံငွေရှာဖွေခဲ့သော်လည်း ခရစ်ပတိုကဏ္ဍတွင် ဈေးနှုန်းများ ကျဆင်းခဲ့သည်။ ဥပမာအားဖြင့် Bitcoin ဈေးနှုန်းသည် အောက်တိုဘာလတွင် ၁၂၆,၀၀၀ ဒေါ်လာရှိရာမှ မတ်လတွင် ၇၀,၀၀၀ ဒေါ်လာအထိ ကျဆင်းခဲ့ပြီးနောက် လက်ရှိတွင် ၈၀,၀၀၀ ဒေါ်လာဝန်းကျင်၌ ရှိနေသည်။
ကုမ္ပဏီ၏ ယာယီအမှုဆောင်အရာရှိချုပ် ကယ်ဗင် မက်ဂန်း(Kevin McGurn)ကမူ ကုမ္ပဏီအနေဖြင့် ခိုင်မာသော ဘဏ္ဍာရေးအခြေအနေနှင့် ငွေသားစီးဆင်းမှုကောင်းမွန်ခြင်းတို့ကို အသုံးချကာ ပလက် ဖောင်း၏ အခြေခံအဆောက် အအုံများကို ဆက်လက်တိုးချဲ့သွားမည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် TMTG သည် နျူကလီးယားပေါင်းစပ်ခြင်း (Nuclear Fusion) နည်းပညာကို အဓိကလုပ်ဆောင်နေသည့် TAE Technologies ကုမ္ပဏီနှင့် ပူးပေါင်းရန် (Merger) လုပ်ဆောင်နေသည်။ နျူကလီးယားပေါင်း စပ်ခြင်းနည်းပညာသည် အကန့်အသတ်မရှိ စွမ်းအင်ရရှိရန် မျှော်လင့်ချက်ပေးသော်လည်း လက်ရှိတွင် ထုတ်လုပ်သည့်စွမ်းအင်ထက် အသုံးပြုရသည့်စွမ်း အင်က ပိုမိုများပြားနေဆဲဖြစ်သည်။
သမ္မတထရန့်သည် Truth Social ပလက်ဖောင်းကို နေ့စဉ်အသုံးပြုလျက်ရှိပြီး သောကြာနေ့က ယူကရိန်း-ရုရှားစစ်ပွဲ သုံးရက်ကြာအပစ်ရပ်မည့်သတင်းနှင့် UFO ဆိုင်ရာ လျှို့ဝှက်ဖိုင်တွဲများ ထုတ်ပြန်မည့်သတင်းများကိုလည်း အဆိုပါဆိုဒ်မှတစ်ဆင့် ကြေညာခဲ့သည်။
#Truth Social #Trump #TMTG #Cryptocurrency #Bitcoin #FinanceNews #PositiveAngleNews #BusinessUpdate #CryptoMarket #Economy
Telegram»…
https://t.me/positiveanglenews
#PAN