(မှုခင်း) မေ ၇
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးအတွက် အန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများကို တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းတွင် လုံးဝအခြေမပြုနိုင်စေရန် ပြည်တွင်းအင်အားစုများနှင့်အတူ အိမ်နီးချင်းနိုင်ငံများနှင့်လည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဉ်များအရ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်မှုမရှိစေရန်နှင့် လုပ်ငန်းများ ဆောင်ရွက်မှုမရှိစေရန် နယ်မြေရှင်းလင်းရေးနှင့် ရှာဖွေဖော်ထုတ်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ်အတွင်း မေ ၆ ရက် ညနေပိုင်းတွင် မိုင်းပန်မြို့၏ အရှေ့မြောက်ဘက် မီတာ ၁၃,၇၀၀ ခန့်အကွာတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှု ကျူးလွန်နေသူ တရုတ်နိုင်ငံသား အမျိုးသား ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆက်လက်ရှာဖွေဖော်ထုတ်မှုများပြုလုပ်ရာ ယနေ့ညနေပိုင်းတွင် မိုင်းပန်မြို့၏ မြောက်ဘက် မီတာ ၁၂,၃၀၀ ခန့်အကွာ၌ တရားမဝင် အွန်လိုင်းလောင်းကစားမှု ကျူးလွန်နေသူ တရုတ်နိုင်ငံသား ၁ ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ပါဝင်ပတ်သက်ခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားထားသည်။
ထို့အပြင် နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပပျောက်ရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်လက်တက်ကြွစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။