(ပညာရေး) မေ ၇
၂၀၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်း ဖွင့်ပွဲအခမ်းအနားကို မေ ၇ ရက် နံနက် ၀၈း၅၀ နာရီတွင် ရှမ်းပြည်နယ် ညောင်ရွှေမြို့ ခေါင်တိုင်ရှိ ဟူပင်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ၁၉၆၄-၁၉၈၈ လူရည်ချွန်ကြီးများနှင့် ၂၀၂၆ ခုနှစ် ဒသမတန်း လူရည်ချွန်မောင်မယ်များ စုစုပေါင်း ၂၃၀ ခန့် တက်ရောက်ခဲ့ကြသည်။
ပထမပိုင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က လူရည်ချွန်စခန်း ဖွင့်ပွဲဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် ဟူပင်ဟိုတယ်ခန်းမ၌ ဒုတိယပိုင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ကြိုဆိုနှုတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။ ထို့အပြင် လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြပြီး ကျောင်းသားကျောင်းသူကိုယ်စားများအား ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့ကြသည်။
ထို့ပြင် ၁၉၆၄-၁၉၈၈ လူရည်ချွန်အသင်းမှ အလှူရှင်များက လူရည်ချွန်မောင်မယ် ၁၃၂ ဦးအတွက် တစ်ဦးလျှင် ကျပ် ၂ သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ် ၂၆၄ သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အခမ်းအနားပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့အပါအဝင် တာဝန်ရှိသူများသည် အင်းလေးဖောင်တော်ဦးဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုကာ ပန်းနှင့် ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဂေါပကအဖွဲ့အား အလှူငွေများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် ဘုရားပုရဝုဏ်အတွင်း ပြင်ဆင်မွမ်းမံနေမှုများကို စစ်ဆေးကြည့်ရှုခဲ့ပြီး အထက(ခွဲ) ကေလာသို့လည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#PAN