
(မှုခင်း) မေ ၄
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား သေဆုံးသည့်အထိ ထိုးကြိတ်ရိုက်နှက်သူ ဆိုင်ရှင်အမျိုးသား ရဲစခန်းတွင် လာရောက်အဖမ်းခံကြောင်း သိရသည်။
ယမန်နေ့ ညပိုင်းအချိန်က ကျိုင်းတုံခရိုင်၊ တုံတာမြို့ နယ်မြေရဲစခန်းတွင် ဆိုင်ဝန်ထမ်းအမျိုးသမီးငယ်အား သတ်ဖြတ်သူ Peter ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) Peter သည် ၎င်းအနေဖြင့် နောင်တရသဖြင့် လာရောက်အဖမ်းခံခြင်းဖြစ်ကြောင်း သိရသည်။
မေလ ၄ ရက် ညပိုင်းက တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ဖွင့်လှစ်ထားသည့် “Peter” ဘားနှင့် စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ဝေကို ဆိုင်အတွင်း လာရောက် စားသောက်သည့် ဧည့်သည်တစ်ဦးမှ ပေးအပ်သည့် မုန့်ဖိုးငွေ ၅,၀၀၀ ကျပ်နှင့် ပတ်သက်၍ ကြိုတင်အသိပေးခြင်း မရှိဟုဆိုကာ ဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) Peter ကထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရိုက်နှက်မှုကြောင့် အင်းလေးဒေသ၊ မင်းချောင်းအလယ်ရွာမှ လာရောက်လုပ်ကိုင်နေသူ မဖူးဝေကိုမှာ မျက်နှာ၊ လက်နှင့် ဝမ်းဗိုက်ပိုင်းတို့တွင် ညိုမဲဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း ၊ ဆိုင်ရှင်ဖြစ်သူသည် မေလ ၅ရက်နေ့တွင် ဆိုင်ကယ်ဖြင့်ထွက်ပြေးသွား ခဲ့ကြောင်း သိရသည်။