(မှုခင်း) မေ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။
မေလ ၇ ရက်နေ့ နံနက်၁၀နါရီခွဲ အချိန်တွင် ကလေးဝမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စိုးလင်းမင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၂၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုးလင်းမင်း(၂၃)နှစ်အား ကလေးဝမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင်မေလ ၆ ရက်နေ့ မွန်းလွဲ၂နာရီခွဲ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဦးသက်(ခ)ဝင်းကို မောင်းနှင်ပြီး မယဉ်ဝင်းမြိုင်(ခ)မကြီး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသော လက်ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၅၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၂၉၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဦးသက်(ခ)ဝင်းကို(၄၆)နှစ် နှင့် မယဉ်ဝင်းမြိုင်(ခ)မကြီး(၄၂)နှစ်တို့အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။