


(မှုခင်း) မေ ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ယမန်နေ့ မေလ ၈ ရက်နေ့၊ မွန်းလွဲပိုင်းက လင်မယားချင်း စကားများရန်ဖြစ်ရာမှတစ်ဆင့် အဝတ်အစားများအား မီးရှို့ရာတွင် နေအိမ် (၂)လုံး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊အောက်မော်ဖောင်းကျေးရွာ၊ နယ်မြေ (၁)၊ အောင်မော်ဇံဘုန်းကြီးကျောင်းလမ်းရှိ နေအိမ်တစ်လုံးတွင် လင်မယားနှစ်ဦး စကားများရန်ဖြစ်ကြရာမှ နေအိမ် (၂)လုံး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေလ ၈ ရက်နေ့၊ မွန်းလွဲ၃နာရီ၂၀မိနစ်အချိန်က အောက်မော်ဖောင်းကျေးရွာ၊ နယ်မြေ (၁)၊ အောင်မော်ဇံဘုန်းကြီးကျောင်းလမ်းရှိ နေအိမ်တစ်လုံးတွင် လင်မယားနှစ်ဦး စကားများရန်ဖြစ်ကြရာမှ ခင်ပွန်းဖြစ်သူမှ အဝတ်အစားများကို မီးရှို့ရာမှတဆင့် အနီးရှိ ထရံသို့ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် အကျယ် (၃၂ x ၂၄)ပေ၊ သွပ်မိုး၊ ထရံကာ၊ သမံတလင်းခင်း (၁) ထပ် လူနေအိမ် (၁)လုံးနှင့် အနီးရှိ အကျယ် (၃၀ x ၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ သမံတလင်းခင်း (၁)ထပ် လူနေအိမ် (၁)လုံး၊ စုစုပေါင်း လူနေအိမ် (၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုသည့်နေရာသို့ မြစ်ကြီးနားခရိုင်/မြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး၊ အရန် (၁၀)ဦးနှင့် လေတပ်မှ တပ်မတော်သား (၁၀)ဦး စုစုပေါင်း(၄၀)ဦးတို့မှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၃)စီးဖြင့် ငြိမ်းသတ်ခဲ့ရာမွန်းလွဲ၃နာရီ၄၀မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးစတင်ရှို့ခဲ့သူ အသက် (၄၀)အရွယ် ဦးလတောင်အား မြစ်ကြီးနားနယ်မြေရဲစခန်းမှ (ပ) ၈၀/၂၀၂၆၊ ပြစ်မှုပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။