
(နိုင်ငံတကာ) မေ ၄
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် လုပ်ခလစာမရှင်းပေးသဖြင့် အလုပ်ရှင်ကို သတ်ဖြတ်ခဲ့သည့် မြန်မာလုပ်သားလေးဦးကို နယ်စပ်မဖြတ်ကျော်မီ ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း Thaiger သတင်းဌာနက ဖော်ပြထားသည်။
ဖြစ်စဉ်အရ အဆိုပါ မြန်မာလုပ်သား ၄ ဦးကို မေ ၂ ရက် နံနက် ၁ နာရီခန့်တွင် ချင်းမိုင်မြို့ မဲ့ရင်းမြို့နယ်၊ ဝပ်ရောင်ခွန်အနီး၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် နယ်စပ်ဖြတ်ကျော် ထွက်ပြေးရန် ပြင်ဆင်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး နောက်ပိုင်းတွင် မဲရင်းရဲစခန်းသို့ လွှဲပြောင်းအရေးယူရန် ပို့ဆောင်ထားကြောင်း ဖော်ပြထားသည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ လူသတ်မှုသည် မေ ၁ ရက် နံနက် ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး အသက် ၄၉ နှစ်အရွယ်ရှိ ဆွမ်ချိုင်းဆိုသူ အလုပ်ရှင်မှာ ရှမ်းလူမျိုးတစ်ဦးဖြစ်ကြောင်း သိရသည်။ ၎င်းသည် သံသယရှိသူ လုပ်သားများနှင့်အတူ အလုပ်ရုံတွင် နေထိုင်နေသူဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
သံသယရှိသူ လုပ်သား ၄ ဦးက လုပ်ခလစာမရရှိမှုကြောင့် အလုပ်ရှင်ကို သတ်ဖြတ်ရန် စီစဉ်ခဲ့ကြောင်း ဝန်ခံထားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားထားသည်။ စုံစမ်းချက်အရ အလုပ်သမား ၂ ဦးက အလုပ်ရှင် အိပ်ပျော်နေစဉ် ဓားဖြင့်လည်ပင်းကို ထိုးခဲ့ပြီး ကျန် ၂ ဦးက စောင့်ကြည့်ခဲ့ကြောင်း သိရသည်။
လူသတ်မှုဖြစ်ပြီးနောက် သံသယရှိသူ ၄ ဦးသည် ထွက်ပြေးခဲ့ကြပြီး CCTV မှတ်တမ်းများအရ ၎င်းတို့သည် ဒေသမှ ထွက်ခွာသွားကြောင်း တွေ့ရှိခဲ့သည်။ ထို့နောက် ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသို့ မဖြတ်ကျော်မီ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။