ရှမ်းနှင့် မကွေးဒေသများတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာရရှိမှုနှင့် ဖမ်းဆီးခံမှု ဖြစ်ပွား

(မှုခင်း) မေ ၄

ရှမ်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းတွင် လုံခြုံရေးဖြစ်စဉ်များကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုနှင့် လူတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပထမဖြစ်စဉ်အရ ၂၀၂၆ ခုနှစ်၊ ဧပြီ ၃၀ ရက် ည ၈ နာရီ ၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် ကလေးငယ်တစ်ဦး ရောက်ရှိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရာတွင် ဧပြီ ၃၀ ရက် ညနေ ၆ နာရီခန့်က လားရှိုးမြို့နယ်၊ နားမွန်းကျေးရွာနေ မောင်စိုင်းညီညီ (၈) နှစ်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်းရှိ သရက်ပင်အနီး၌ ထောင်ထားသည့် နင်းမိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ မေ ၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာနေ ဦးမောင်ကိုဦး (၄၂) နှစ်သည် တစ်ရွာတည်းနေ မောင်ခန့်ဇင်မင်း (၁၇) နှစ်နှင့်အတူ ၎င်းပိုင်နွားများအား ကျွန်းတောအတွင်း ရှာဖွေနေစဉ် အမည်မသိအဖွဲ့တစ်ဖွဲ့မှ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။