(ပြည်တွင်း) မေ ၃
ပြည်ပအလုပ်အကိုင်သွားရောက်လုပ်ကိုင်မည့် လုပ်သားများအတွက် လုပ်ငန်းစဉ်များ ပိုမိုလျင်မြန်ချောမွေ့စေရန်နှင့် ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်နိုင်ရေး ရည်ရွယ်၍ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card – OWIC) ထုတ်ပေးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက တာဝန်ရှိသူများအား ညွှန်ကြားခဲ့သည်။

ယနေ့တွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများနှင့်အတူ ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်ကာ OWIC ထုတ်ပေးရေးစခန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါစခန်းများတွင် MoU စနစ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် လုပ်သားများ၊ ကိုယ်ပိုင်အစီအစဉ်ဖြင့် သွားရောက်မည့် ကျွမ်းကျင်လုပ်သားများနှင့် ခွင့်ပြန်လုပ်သားများအတွက် OWIC ကတ်ကို Cashless စနစ်ဖြင့် တစ်နေရာတည်းတွင် ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
စစ်ဆေးမှုအတွင်း တာဝန်ခံအရာရှိများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက OWIC ထုတ်ပေးရေးလုပ်ငန်းစဉ်တွင် အသုံးပြုသည့် စက်ပစ္စည်းများကို စနစ်တကျ ကိုင်တွယ်အသုံးပြုရန်၊ အလုပ်သမားများ၏ အခက်အခဲများကို စည်းမျဉ်းစည်းကမ်းနှင့်အညီ ဖြေရှင်းပေးရန်နှင့် ဝန်ထမ်းများအနေဖြင့် စေတနာထား၍ ဝန်ဆောင်မှုပေးရန် ညွှန်ကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းကျောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ပြည်ပသို့သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရန်၊ သင်တန်းပို့ချမှုများကို လုပ်ငန်းခွင်အခြေခံအကြောင်းအရာများနှင့် သေချာစွာနားလည်အောင် သင်ကြားပို့ချရန်နှင့် လုပ်ငန်းစဉ်တစ်လျှောက် အရည်အသွေးမြှင့်တင်ရန်တို့ကို ထပ်မံမှာကြားခဲ့ကြောင်း သိရသည်။
#PAN