“ရေချိုပုစွန်ပြည်တွင်းဖူလုံရေးနှင့် နို့ထွက်ပစ္စည်းအရည်အသွေးမြှင့်တင်ရေး—ပြည်ထောင်စုဝန်ကြီး ကွင်းဆင်းစစ်ဆေးညွှန်ကြား

(စီးပွားရေး မေ ၃


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မေလ ၂ ရက်နေ့ နံနက်ပိုင်းက သန်လျင်မြို့နယ် ၊ ကျောက်တန်းမြို့ ရှိ ငါးလုပ်ငန်းဦးစီးဌာန၏ ရေချိုပုစွန်သားဖောက်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့် လုပ်ငန်းဆိုင်ရာ ဆွေးနွေးညွှန်ကြားမှုများ ပြုလုပ်ခဲ့သည်။


စစ်ဆေးမှုအတွင်း ဒုတိယညွှန်ကြားရေးမှူးက ရေချိုပုစွန်သားဖောက်လုပ်ငန်းဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး လက်တွေ့လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ပြသခဲ့သည်။


ပြည်ထောင်စုဝန်ကြီးက ၁၉၉၆ ခုနှစ်မှစ၍ ရေချိုပုစွန်သားဖောက်နည်းပညာများကို ပညာရှင်များက ဖြန့်ဖြူးပေးခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များက လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသော်လည်း ၂၀၁၂ ခုနှစ်တွင် ရောဂါဖြစ်ပွားမှုကြောင့် လုပ်ငန်းများ ရပ်တန့်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ထိုင်းနိုင်ငံမှ မျိုးများတင်သွင်း၍ ပြန်လည်ဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ယခုအခါတွင် မြန်မာနိုင်ငံ၏ မျိုးရင်း ရေချိုပုစွန်များကို အသုံးပြု၍ သားဖောက်ထုတ်လုပ်မှုကို ပြန်လည်တိုးမြှင့်မည်ဖြစ်ပြီး ၂၀၂၆–၂၀၂၇ ခုနှစ်မှစ၍ လုပ်ငန်းရှင်များထံသို့ ပုစွန်သားပေါက်များ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၇ ခုနှစ်မှစ၍ ပုဂ္ဂလိကလုပ်ငန်းရှင်များကိုယ်တိုင် သားဖောက်ထုတ်လုပ်နိုင်ပြီး ပြည်တွင်းဖူလုံမှုရရှိကာ ပိုလျှံပါက ပြည်ပတင်ပို့နိုင်ရေးအထိ ရည်မှန်းထားကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် ဆုပေးဒဏ်ပေးစနစ်ဖြင့် လုပ်ငန်းစီမံခန့်ခွဲမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ်ရှိ လေးထောင့်ကန် “အားမာန်” နို့စားနွားမွေးမြူရေးခြံ နှင့် TM နို့စားနွားမွေးမြူရေးခြံ တို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မွေးမြူရေးခြံများကို ခေတ်စနစ်နှင့်အညီ စနစ်တကျပြုပြင်ဆောင်ရွက်ရန်၊ ဇီဝလုံခြုံရေးစနစ်များ တိကျစွာလိုက်နာရန်၊ နို့နှင့်နို့ထွက်ပစ္စည်းများ၏ အစားအစာဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေးကို အလေးထားရန် ညွှန်ကြားခဲ့သည်။


ထို့အပြင် တိရစ္ဆာန်အစာအဖြစ် အာဟာရမြက်များကို ရာသီမပြတ် ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းစိုက်ပျိုးရေးထွက်ကုန်များနှင့် စွန့်ပစ်ဟင်းသီးဟင်းရွက်များကို ထိရောက်စွာအသုံးပြုကျွေးမွေးရေးတို့ကိုလည်း ဆွေးနွေးညွှန်ကြားခဲ့သည်။


သတင်းရရှိချက်အရ လေးထောင့်ကန် “အားမာန်” နို့စားနွားမွေးမြူရေးခြံ တွင် နို့စားနွား ၃၄၀ ကောင် မွေးမြူထားပြီး နို့ပေးနွားမ ၁၁၈ ကောင်မှ နေ့စဉ် နွားနို့ ၆၅၀ ပိဿာ ထုတ်လုပ်လျက်ရှိကြောင်း၊ TM နို့စားနွားမွေးမြူရေးခြံ တွင် နို့စားနွား ၇၅၀ ကောင်မွေးမြူထားပြီး နို့ပေးနွားမ ၃၀၀ ကောင်မှ နေ့စဉ် နွားနို့ ၁၅၀၀ ပိဿာ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ထုတ်လုပ်ရရှိသော နွားနို့နှင့် နို့ထွက်ပစ္စည်းများကို ရန်ကုန်မြို့ရှိ ကုန်တိုက်များသို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းလည်း သိရသည်။

#PAN