(ပြည်တွင်း) မေ ၂
လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုအား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၂ ရက်တွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက ရန်ကုန် မြို့အတွင်း မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်နှင့် လျှပ်စစ်ကြိုးများ၊ ဆက်သွယ်ရေးကြိုးများကို စနစ်တကျစီမံခန့်ခွဲ၍ အန္တရာယ်ကင်းရှင်းမှုရှိစေရေး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
ထို့ပြင် မြို့တွင်း လမ်းမကြီးများနှင့် ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျတွက်ချက်၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရေမြောင်းများဖောက်လုပ်ရာတွင်လည်း ရေစီးဆင်းမှု အဆင်ပြေစေရန် စနစ်တကျတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ရေစီးရေလာကောင်းမွန်မှသာ အနံ့အသက်ဆိုးများ လျော့နည်းကာ သန့်ရှင်းသပ်ရပ်သည့် ပတ်ဝန်းကျင်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


အထူးသဖြင့် မိုးရာသီမတိုင်မီ ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေးနှင့် ရေဆိုးထုတ်စနစ်များ ကောင်းမွန်စေရေးကို အချိန်မီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အမှိုက်စွန့်ပစ်မှုများကို စနစ်တကျ စီမံခန့်ခွဲရန်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် မြို့ပြသာယာလှပရေးကိုပါ ထည့်သွင်းတွက်ချက်ဆောင်ရွက်ရန် လိုအပ်ကြောင်းကိုလည်း အလေးပေး ပြောကြားခဲ့သည်။
လမ်းများ တိုးချဲ့အဆင့်မြှင့်တင်ရာတွင် လူသွားလမ်းပလက်ဖောင်းများနှင့် ရေနုတ်မြောင်းများကို စနစ်တကျ ထည့်သွင်းတည်ဆောက်ရန်လိုအပ်ကြောင်း၊ ယာဉ်သွားလာမှုများ ပိုမိုလွယ်ကူချောမွေ့စေရေးအတွက် လမ်းညွှန်အမှတ်အသားများကို စံချိန်စံညွှန်းနှင့်အညီ တပ်ဆင်သွားရန် လိုအပ်ကြောင်းလည်း မှာကြားခဲ့သည်။

ထို့နောက် လှိုင်သာယာ မြို့နယ်၏ သန့်ရှင်းသာယာလှပရေးနှင့် မြို့ပြဖွံ့ဖြိုးရေးဆောင်ရွက်မှုများမှာ တိုးတက်ကောင်းမွန်လာကြောင်း သုံးသပ်ပြောကြားခဲ့ပြီး မြို့ပြစနစ်တကျဖြစ်စေရေးအတွက် Town Plan များကို စနစ်တကျရေးဆွဲဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့ပြတည်ဆောက်မှုများတွင် လယ်ယာမြေဆုံးရှုံးမှုမရှိစေရေးကိုလည်း အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြို့တွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုရှိစေရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် စည်းကမ်းလိုက်နာမှုများကို တာဝန်ရှိသူများမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်းကိုလည်း ထပ်မံညွှန်ကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လှိုင်သာယာ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးရှိ ရေနုတ်မြောင်းများနှင့် ပလက်ဖောင်းများအကြား အရိပ်ရပင်များ စိုက်ပျိုးသွားရန်နှင့် ရေစီးရေလာကောင်းမွန်ရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

