(ပြည်တွင်း) ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအကျိုးရှိစေရန်နှင့် ပြည်သူများ၏ အကျိုးစီးပွားတိုးတက်စေရန် ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန္ဒာအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်နှင့် ဦးစိန်မြင့်တို့က မိတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုကိုနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ အခြေခံလိုအပ်ချက်များနှင့် ရင်ဆိုင်နေရသည့် အခက်အခဲများကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များကလည်း မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြနိုင်ကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော်အတွင်း တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များကို အချိန်မရွေး တင်ပြနိုင်ကြောင်း ပြောကြားခဲ့ကြသည်။
ထို့အပြင် ယနေ့ နေ့လည် ၁ နာရီအချိန်တွင် မြောင်းမြမြို့နယ် ကျုံဝါးကျေးရွာအုပ်စုရှိ (၅) မိုင် စိုက်ပျိုးရေးနည်းပညာပေးစင်တာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် တာဝန်ရှိသူများမှ အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက မိတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများက ကျေးရွာအုပ်စုအတွင်း ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြခဲ့ကြပြီး တာဝန်ရှိသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


#PAN