ပြည်သူ့အသံများကို လွှတ်တော်ထဲအရောက်ပို့ချင်သောကြောင့် ပြည်သူ့လိုအပ်ချက်များသိရှိနိုင်ရေး မြေပြင်ကွင်းဆင်းအလုပ်လုပ်ကြရမည်ဟု သထုံလွှတ်တော်ကိုယ်စားလှယ်များပြော

(ပြည်တွင်း) ဧပြီ ၂၉

မိမိတို့အနေဖြင့် ဆက်လက်ကျင်းပမည့်လွှတ်တော်အစည်းအဝေးများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မေးခွန်းများ၊ အဆိုများတင်ပြသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့အသံများကို လွှတ်တော်ထဲအရောက်ပို့ချင်ပါသောကြောင့် ပြည်သူ့လိုအပ်ချက်များသိရှိနိုင်ရေး မြေပြင်ကွင်းဆင်းအလုပ်လုပ်ကြရမည်ဖြစ်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြစေလိုကြောင်း သထုံမြို့ရှိ လွှတ်တော်ကိုယ်စားလှယ်များ ပြောကြားခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးချမ်းမုံ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်လေးမိုးသူနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကို ယနေ့ ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များမှ ဦးစွာတို့က တစ်ဦးချင်းမိတ်ဆက်ကြပြီး ယင်းကဲ့သို့ပြောကြားခဲ့ကြောင်းသိရသည်။

ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးစိုးက မိမိတို့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်နေပါကြောင်း ယခုအခါ လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ရာ ပိုမိုကောင်းမွန်သည့်ရလာဒ်များ ရရှိလာတော့မည်ဖြစ်ကြောင်း တာဝန်ရှိသူများအနေဖြင့် တရားမဝင်ကုန်ပစ္စည်းများထိန်းချုပ်ရေး၊ ပူပြင်းသည့်ရာသီဖြစ်သဖြင့် မီးဘေးအပြင် ကျန်းမာရေးကို ဂရုပြုကြရေး၊ မိုးဦးကာလနီးကပ်လာသဖြင့် သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ထားကြရေး၊ ထူးခြားမှုရှိလျှင် အချိန်မီသတင်းပေးပို့ကြရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၌ ဝန်ထမ်းများပတ်သက်မှုမရှိရေးနှင့် လက်ရှိဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်လိုသည်တို့ကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ကြရေးတို့ကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရှိရေး စသည့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားကြပြီး တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ရွာအလိုက်လိုအပ်ချက်များနှင့် ဆောင်ရွက်ပေးစေလိုသည်တို့ကို တင်ပြဆွေးနွေးကြရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ သထုံမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ ၁၀၀ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

#PAN