ဇလွန်မြို့နယ်တွင် ရက်(၁၀၀) စီမံချက်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

(ပြည်တွင်း) ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရက်(၁၀၀) စီမံချက်ဆိုင်ရာ လုပ်ငန်းများကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နံနက် ၁၀ နာရီခွဲတွင် ဇလွန်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ရေပေါက်ကြီးကျေးရွာတွင် ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးထားသည့် ပန်းတာလုပ်ငန်းနှင့် မြစ်ကြောင်းဖွံ့ဖြိုးရေးဌာနမှ ဆောင်ရွက်ပြီးစီးထားသည့် မြစ်ကမ်းထိန်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသန့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချိုမြင့်ခိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီ ယာယီအတွင်းရေးမှူး ဦးသိန်းစိုးညွန့်နှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို စစ်ဆေးခဲ့ကြပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ ထို့နောက် နံနက် ၁၁ နာရီခွဲခန့်တွင် ယင်းနေရာမှ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

ထို့ပြင် အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်အရ ဆောင်ရွက်လျက်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုနှင့် eID စနစ်အချက်အလက် ဖြည့်သွင်းမှုလုပ်ငန်းများကိုလည်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာအုပ်စု၊ အိုးဘိုစုကျေးရွာရှိ ရွာမြေ (၇) ဧကအား မြေငှားဂရန် ပြုလုပ်ရန် အခြေအနေကိုလည်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

#PAN