(ပြည်တွင်း) ဧပြီ ၂၃—
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကို ပြန်လည်တင်ပြဆွေးနွေးရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ဝင်းအောင်က ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိစေရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို တင်ပြဆွေးနွေးကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက နိုင်ငံတော်၏ ရက်(၁၀၀) စီမံချက်နှင့်အညီ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်း သောက်သုံးရေ လုံလောက်စွာ ရရှိရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်ရေရရှိရေး၊ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် အားကစားကဏ္ဍများ ဖွံ့ဖြိုးရေးအပြင် အခြေခံပညာကျောင်းများနှင့် ကျန်းမာရေးဌာနများ အဆင့်မြှင့်တင်ရေး စသည့် လုပ်ငန်းများကို ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
#PAN