(ပြည်တွင်း) ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် အတွင်းတွင် ပြည်သူ့အစိုးရ၏ ရက်(၁၀၀) စီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ မငေးကလေးကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရန် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ၏ ကြီးကြပ်မှုဖြင့် တိုက်နယ်မှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက မြေပြင်အရောက် ဆောင်ရွက်ခဲ့ကြပြီး အသက်(၁၀)နှစ်နှင့် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်လိုသူ ကျောင်းသား၊ ကျောင်းသူများအား လိုအပ်သည့် အချက်အလက်များနှင့် အထောက်အထားများ ဖြည့်စွက်စိစစ်ကာ ကတ်ပြားထုတ်ပေးခဲ့သည်။

ထို့ပြင် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကိုလည်း သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ဝင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဝင်းစိန်တို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်သူများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ထို့နောက် လိုအပ်ချက်များကို ဖြည့်စွက်ညွှန်ကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#PAN