လွိုင်လင်တွင် ICE မူးယစ်ဆေး ၁၂၀၀ ကီလိုခန့် ဖမ်းမိ—ဆက်စပ်သူများ ထပ်မံဖမ်းဆီးစစ်ဆေးနေ

(မှုခင်း) ဧပြီ ၂၂

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အမျိုးသားတာဝန်တစ်ရပ်အဖြစ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့၌ ICE မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဧပြီ ၂၀ ရက် ည ၈ နာရီ ၅၅ မိနစ်ခန့်တွင် လွိုင်လင်မြို့ အမှတ်(၂)ရပ်ကွက်ရှိ နေမင်းရောင်တိုးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် လွိုင်လင်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသည့် Nissan Diesel အမျိုးအစား အစိမ်းရောင် ၁၂ ဘီးယာဉ် (ယာဉ်အမှတ် MDY-20/4H—-) ကို စစ်ဆေးရာမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးမှုအရ ယာဉ်ပေါ်တွင် အဝါရောင်ပြောင်းအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် “GUAN YIN WAN” စာတန်းပါ ICE အဖြူရောင်ပုံဆောင်ခဲများ ထည့်ထားသည့် ဆာလာအိတ် ၄၈ အိတ် (စုစုပေါင်း အလေးချိန် ၁၂၀၀ ကီလိုဂရမ်ခန့်) ကို တွေ့ရှိရပြီး ခန့်မှန်းတန်ဖိုး ကျပ် ၁၆ ဒသမ ၈ ဘီလီယံခန့် ရှိကြောင်း သိရသည်။

အဆိုပါယာဉ်ကို ယာဉ်မောင်း ဖြိုးဝေထွန်း (၂၃ နှစ်) နှင့် ယာဉ်နောက်လိုက် ခန့်ကျော်ထက် (၂၁ နှစ်) တို့ မောင်းနှင်လိုက်ပါလာခြင်းဖြစ်ပြီး စစ်ဆေးချက်များအရ ၎င်းတို့သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ချောင်းဦးမြို့မှ မိုင်းလားမြို့အထိ ကုန်တင်ယာဉ်မောင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ဧပြီ ၁၈ ရက်တွင် မိုင်းလားမြို့မှ ချောင်းဦးမြို့သို့ ပြန်လည်ထွက်ခွာလာစဉ် ကုန်ပစ္စည်းမရှိသဖြင့် ကုန်ရရှိရေး ချိတ်ဆက်ခဲ့ရာ နမ့်စန်မြို့ အမှတ်(၉)ကျေးရွာအကျော်ရှိ “ပြည့်ဖြိုးကျော်” ပြောင်းပွဲရုံနှင့် ချိတ်ဆက်မိခဲ့ပြီး ဧပြီ ၂၀ ရက်တွင် ပွဲရုံပိုင်ရှင် ဝင်းဇော်ညွန့်နှင့် ခင်ဝင်းဆွေတို့က ပြောင်းအိတ် ၂၅၀ နှင့် ကြက်စာအိတ် ၄၈ အိတ်တို့ကို တင်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးမှုများအရ အဆိုပါ ပြောင်းပွဲရုံသို့ ဧပြီ ၁၄ ရက်တွင် AD Van အမျိုးအစားယာဉ်ဖြင့် အမျိုးသား ၅ ဦး ရောက်ရှိလာပြီး ပြောင်းအိတ် ၂၅၀ ကို ဝယ်ယူခဲ့ကြောင်း၊ ဧပြီ ၁၉ ရက်တွင် “လင်းလင်း” ဟုခေါ်သူက ဖုန်းဖြင့် ဆက်သွယ်ကာ ပြောင်းအိတ်များနှင့်အတူ ကြက်စာအိတ် ၄၈ အိတ်ကိုပါ တင်ဆောင်မည်ဟု ပြောကြားပြီး လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဧပြီ ၂၀ ရက်တွင် ယခုဖမ်းဆီးရမိသည့် ၁၂ ဘီးယာဉ် ရောက်ရှိလာသဖြင့် ပွဲရုံမှ ကုန်ပစ္စည်းများ တင်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးချက်များတွင် ထုတ်ဖော်ပြောကြားထားသည်။

ဖြစ်စဉ်နှင့် ဆက်စပ်သူများဖြစ်သည့် “ပြည့်ဖြိုးကျော်” ပွဲရုံပိုင်ရှင် ဝင်းဇော်ညွန့်နှင့် ခင်ဝင်းဆွေတို့ကိုလည်း နေအိမ်တွင် သွားရောက်ဖမ်းဆီးထားပြီး မူးယစ်ဆေးဝါးများ၊ ဖမ်းဆီးရမိသူများနှင့် ယာဉ်တို့ကို သက်ဆိုင်ရာဌာနများထံ လွှဲပြောင်းအပ်နှံကာ ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်မီ သတင်းပေးပို့ကြရန် တိုက်တွန်းထားကြောင်း သိရသည်။

#PAN