(ပြည်တွင်း) ဧပြီ ၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် အိမ်ထောင်စု ၃,၀၀၀ ကျော်အတွက် ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (Karen National Peace Building Committee-KNPBC) မှ အခြေခံစားနပ်ရိက္ခာများကို ဧပြီ ၂၁ ရက်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့မှုကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဖားအံခရိုင်/တပ်မဟာ (၇)၊ နဘူးမြို့နယ်အတွင်းသို့ တိမ်းရှောင်လာသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၃,၀၀၀ ကျော် (လူဦးရေ ၁၉,၀၀၀ ကျော်) အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး KNU/KNLA-PC ထိန်းချုပ်နယ်မြေဖြစ်သည့် ထို့ကော်ကိုးဒေသတွင် အခြေခံစားနပ်ရိက္ခာ ၇ မျိုး ပေးအပ်ခဲ့ခြင်းဖြစ်သည်။
KNU/KNLA-PC ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က “ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ လုပ်ဆောင်တာကြောင့် စည်းလုံးမှုတစ်ခု ဖြစ်လာတယ်။ စစ်ရှောင်တွေကို တိုက်ရိုက်တွေ့ဆုံပြီး သူတို့အခက်အခဲတွေကို နားလည်နိုင်ခဲ့တယ်” ဟု ပြောကြားခဲ့သည်။

ထောက်ပံ့ပစ္စည်းများတွင် ဆန်အိတ်ကြီး ၄,၀၀၀ အိတ်၊ ဆီ ၆၀၀ ဖာ၊ အချိုမှုန့် ၅၀၀ ဖာနှင့်အတူ ငါးသေတ္တာ၊ ငါးပိ၊ ငရုပ်သီး၊ ဆား စသည့် အခြေခံစားနပ်ရိက္ခာ ၇ မျိုး ပါဝင်ကြောင်း သိရသည်။
ယခုကူညီထောက်ပံ့မှုသည် ကရင်လက်နက်ကိုင်အဖွဲ့များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ကရင်နိုင်ငံရေးပါတီများ ပါဝင်ဖွဲ့စည်းထားသည့် KNPBC ၏ ပထမဆုံး ဒေသတွင်းကူညီရေးလုပ်ဆောင်မှုဖြစ်ပြီး အကူအညီအများစုကို ကရင်အမျိုးသားတပ်မတော် (KNA) မှ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသတွင်း စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ခြင်းနှင့် ငြိမ်းချမ်းရေးတည်ငြိမ်ရေးကို ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ KNPBC ကို ဧပြီ ၈ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၎င်းကော်မတီတွင် ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (ငြိမ်းချမ်းရေးကောင်စီ) တို့ ပါဝင်ကြောင်း သိရသည်။
#PAN