

(ပြည်တွင်း) ဧပြီ ၂၁
PDF အမည်ခံ အဖွဲ့များသည် ဒေသအလိုက်ရှိ သစ်တောသယံဇာတများနှင့် မြေပေါ်၊ မြေအောက် သယံဇာတများကို တရားမဝင်ထုတ်ယူကာ ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်းနှင့် ၎င်းတို့အား တရားဥပဒေအတွင်းသို့ ဝင်ရောက်လာစေရန် ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်နိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံ၏ အချို့သောနေရာဒေသများတွင် အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို ကျုးလွန်နေကြသည်ကိုတွေ့ရှိရပြီး အများစုအနေဖြင့် ဆက်ကြေးများ၊ ဂိတ်ကြေးများတောင်းခံခြင်း၊ ဒေသအလိုက်မှ ထွက်ရှိသည့် သစ်တောသယံ ဇာတများ၊ မြေပေါ် မြေအောက် သယံဇာတများကို တရားမဝင်ထုတ်ယူ၍ ၎င်းတို့ ကိုယ် ကျိုးအတွက်အသုံးပြု နေကြသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် ၎င်းတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုရလာဒ်များအရ ဖြစ်ပေါ်လာသည့် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးအရဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင် အကြမ်းဖက်သည့် နည်းလမ်းကို ရွေးခြယ်ခဲ့ရာမှ ပေါ်ပေါက်လာခဲ့ကြခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဒီမိုကရေစီနည်းလမ်းတကျပေါ်ပေါက်လာသည့် ရွေးချယ်ခံအစိုးရအနေဖြင့် နိုင်ငံတော် တွင် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့များအား တရားဥပဒေအတွင်းသို့ ဝင်ရောက်လာစေရေး ဖိတ်ခေါ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။
” PDF ကတော့ ကျနော်တို့ ဒီတွေ့ဆုံဆွေးနွေးခြင်းနဲ့ငြိမ်းချမ်းရေးအတွက် အလင်းဝင်ဖို့လည်း ပြောထားတာရှိပါတယ်။ အခုလည်း အလင်းဝင်တာတွေ အများကြီးရှိပါတယ်။ လပခနယ်မြေတို့၊ တပခ နယ်မြေတို့ဆိုရင် .. အလင်းဝင် … ကြတာတွေအများကြီးပဲရှိတယ်။
လပခကတော့ပိုများတာပေါ့ ရာနဲ့ချီပြီးတော့ ဝင်ကြတယ်။ ဒါထက်လည်း လာဖို့အတွက် သူတို့တောင်းဆိုနေတာ တွေလည်း ရှိပါတယ်။ ကျွန်တော်တို့က ကြိုဆိုပါတယ်။ PDF နဲ့ပတ်သက်ပြီးတော့။ ရက်ပေါင်း ၁၀၀ အတွင်းမှာ လာပြီးတော့ ငြိမ်းချမ်းရေးအတွက် လာကြပါ။
ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်း ဝင်လာကြဖို့ ဖိတ်ခေါ်ပါတယ်။ နိုင်ငံရေး အရ လည်း ဘာမှခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ပါဘူး။ အဖွင့်မှာပြောခဲ့သလိုပဲ အသုံး ၁၂ ချခံနေရလို့သာဖြစ်နေကြတာပဲဖြစ်ပါတယ် ။ဒါကြောင့် အသုံးချ မခံရအောင်နေကြဖို့ ပြောလိုပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ပြောသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်ခဲ့ကြောင်း သိရသည်။