(နိုင်ငံတကာ)ဧပြီ ၂၀ — ဟော်မုဇ်ရေလက်ကြားတွင် ရေကြောင်းသယ်ယူပို့ဆောင်မှုအတားအဆီးများ ဆက်လက်ရှိနေခြင်းနှင့် အမေရိကန်နှင့် အီရန်အကြား ဒုတိယအကြိမ် ဆွေးနွေးမှုအလားအလာ မရေရာသေးခြင်းတို့ကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း မတည်ငြိမ်မှုများ မြင့်တက်လာကာ ရေနံဈေးနှုန်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၉ ရက်ညပိုင်းတွင် အရောင်းအဝယ်သီတင်းပတ်အသစ် စတင်ချိန်၌ နယူးယောက်ကုန်စည်လဲလှယ်မှု (NYMEX)တွင် မေလပေးပို့ရမည့် အပေါ့စားရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၉.၈၅ အထိ မြင့်တက်ခဲ့ပြီး ယခင်ဈေးကွက်ပိတ်ချိန်နှင့် နှိုင်းယှဉ်လျှင် ၇.၁၆ ရာခိုင်နှုန်း တိုးမြင့်ခဲ့သည်။
တစ်ချိန်တည်းတွင် လန်ဒန်ဘရန့်ရေနံစိမ်း၏ ဇွန်လပေးပို့ရမည့် အနာဂတ်ဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၅.၆၈ အထိ ရောက်ရှိခဲ့ပြီး ယခင်နေ့နှင့် နှိုင်းယှဉ်ပါက ၅.၈၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
ဈေးကွက်အတွင်း မတည်ငြိမ်မှုများကြောင့် ရင်းနှီးမြှုပ်နှံသူများသည် ဘေးအန္တရာယ်ရှောင်ရှားရေးအတွက် ရေနံကဲ့သို့သော ပစ္စည်းများသို့ ဝယ်လိုအားမြှင့်တင်လာခဲ့ပြီး ထိုသို့သော လှုပ်ရှားမှုများသည် ဈေးနှုန်းတက်ရောက်မှုကို ပိုမိုအားပေးခဲ့ကြောင်း သုံးသပ်ထားသည်။
အခြားဘက်တွင် နယူးယောက် စတော့အိတ်ချိန်း၏ အဓိကညွှန်းကိန်းသုံးခုလုံး၏ ရှယ်ယာအနာဂတ်ဈေးနှုန်းများမှာ ၀.၅ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ဈေးကွက်၏ အကောင်းမြင်ခန့်မှန်းချက်များ အားနည်းသွားကြောင်း ပြသနေသည်။
ထို့အပြင် ကမ္ဘာ့ရွှေနှင့် ငွေ အနာဂတ်ဈေးနှုန်းများမှာလည်း ၁.၇ ရာခိုင်နှုန်းနှင့် ၂.၇ ရာခိုင်နှုန်းစီ ကျဆင်းခဲ့ကြောင်း သိရပြီး ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်အတွင်း မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
#PAN