
(နိုင်ငံတကာ) ဧပြီ ၁၁
၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့်ကို ရှုံးနိမ့်ခဲ့သည့် ဒုတိယသမ္မတဟောင်း ကာမလာဟဲရစ်သည် လာမည့် ၂၀၂၈ ခုနှစ် ရွေး ကောက်ပွဲတွင် တစ်ကျော့ပြန် ဝင်ရောက်ယှဉ်ပြိုင်ရန် အလေးအနက် စဉ်းစားနေကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်သည်။
သောကြာနေ့က ပြုလုပ်သည့် အမျိုးသားလှုပ်ရှားမှုကွန်ရက် (NAN) ညီလာခံတွင် လူ့အခွင့်အရေးခေါင်း ဆောင် အယ်လ်ရှာပ်တန်နှင့် တွေ့ဆုံမေးမြန်းခန်း၌ ဟဲရစ်က ယခုကဲ့သို့ အရိပ်အယောင်ပြခဲ့ခြင်းဖြစ်သည်။ ပရိသတ်များ၏ “ထပ်မံယှဉ်ပြိုင်ပါ” ဆိုသည့် အော် ဟစ်အားပေးမှုများကြားတွင် သူမက “ကျွန်မ အဲဒါကို စဉ်းစားနေပါတယ်။ အမေရိကန်ပြည်သူတွေအတွက် ဘယ်သူက အကောင်းဆုံး လုပ်ပေးနိုင်မလဲဆိုတဲ့ အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာပါ” ဟု ဖြေကြားခဲ့သည်။
ဟဲရစ်သည် လက်ရှိသမ္မတ ဒေါ်နယ်ထရန့်၏ လုပ် ဆောင်ချက်များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အထူးသဖြင့် အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲကို “ရွေးချယ်မှုကြောင့် ဖြစ်ရသောစစ်” (War of Choice) ဟု သတ်မှတ်ခဲ့သည်။ ထရန့်ကြောင့် အမေရိကန်သည် မဟာမိတ်များအကြား ယုံကြည်မှု ပျက်ပြားကာ ကမ္ဘာ့သြဇာအာဏာ ကျဆင်းနေကြောင်း၊ ယင်းကို ပြန်လည်ကုစားရန်မှာ ထရန့်သက်တမ်းကုန်ဆုံးပြီးနောက်တွင်ပင် အချိန်အတော်ကြာ ဦးမည်ဖြစ်ကြောင်း သူမက သတိ ပေးခဲ့သည်။
လူ့အခွင့်အရေးခေါင်းဆောင် အယ်လ်ရှာပ်တန်က ဟဲရစ်သည် ၂၀၂၄ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော် လည်း ဘားရက်အိုဘားမားထက်ပင် ပိုမိုများပြားသည့် လူထုဆန္ဒမဲ ၇၅ သန်းကျော် ရရှိခဲ့သူဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ဟဲရစ်သည် ၂၀၂၈ တွင် ပြန်လည်ယှဉ်ပြိုင်ရန် အလားအလာရှိနေသော် လည်း ၎င်းနှင့်အတူ ဒီမိုကရက်တစ်ပါတီအတွင်းမှ အခြားထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဂျေဒီပရစ်ဇ်ကာနှင့် ဂျိုးရှာပီရိုတို့လည်း ယင်းညီလာခံသို့ တက်ရောက်ခဲ့ကြသဖြင့် ပါတီတွင်း ယှဉ်ပြိုင်မှုများ ရှိလာနိုင်ကြောင်း သုံးသပ်ရသည်။
ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများသည် ထရန့်အစိုးရအပေါ် လူထု၏ ပထမဆုံး အကဲဖြတ်မှုဖြစ်လာမည်ဖြစ်ပြီး၊ ဟဲရစ်၏ တစ်ကျော့ပြန်ခရီးစဉ်အတွက်လည်း အရေးပါသည့် အလှည့်အပြောင်း ဖြစ်လာနိုင်ပါသည်။
#KamalaHarris #Election2028 #USPolitics #DonaldTrump #Democrats #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN