တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပပြုလုပ်

(ပြည်တွင်း) ဧပြီ ၉

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့အား မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၁)ဦး တက်ရောက်ခဲ့သည့်အတွက် အစည်းအဝးအထမြောက်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးမှ ကြေညာပြီး အစည်းအဝေးကို စတင်ခဲ့သည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များအဖြစ် ခန့်အပ်တာဝန်ပေးအပ်မည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ပြီး လွှတ်တော်မှ မှတ်တမ်းတင်ခဲ့သည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီတွင် ပါဝင်သင့်သည့်အဖွဲ့ဝင်ဦးရေး အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏အမည်စာရင်းအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့ တင်ပြခြင်းများပြုလုပ်ခဲ့သည်။

ထို့ပြင် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ကျိုက်ထိုမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်ထူးမှ လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းများပြုလုပ်ခဲ့သည်။

အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးရန်မရှိသဖြင့် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့အား လွှတ်တော်မှ သဘောတူဆုံးဖြတ်ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီအား (၁၁)ဦးဖြင့် ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ပြီးစီးခဲ့ကြောင်းသိရသည်။

#PAN