ပြည်ကြီးတံခွန်မြို့နယ်၌ ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

(မှုခင်း) မေ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့်ရပ်ကွက်ရှိ ကားဂိတ်တစ်ခုတွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၄ ရက်နေ့ ၆နာရီ ၁၀မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ကားဂိတ်တစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့ရာ မီနီအိုးဝေနှင့် ပစ္စည်းလာရောက်ထုတ်ယူသူ ညီညီဝိုင်း ထုတ်ယူလာသော အထုတ်အတွင်းမှ ဘိန်းစိမ်း အလေးချိန် ၂၃ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၂၀၇ သိန်း)အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ ညီညီဝိုင်း(၃၉)နှစ်အား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။