
(နိုင်ငံတကာ)မေ ၂၆
ကာတာနိုင်ငံ ဒိုဟာမြို့၌ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် ထိပ်သီးညှိနှိုင်းရေးမှူးများ ဆွေးနွေးနေကြစဉ်အတွင်း၊ အမေရိကန်စစ်တပ်က အီရန်တောင်ပိုင်း ဘန်ဒါအဘတ်စ် (Bandar Abbas) မြို့အနီးရှိ ဒုံးကျည်စင်များနှင့် မိုင်းထောင်ရန် ကြိုးပမ်းနေသည့် ရေယာဉ်များကို အပြင်း အထန် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်။
သို့သော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio)က အဆိုပါ လေကြောင်းတိုက်ခိုက်မှုများ ရှိနေလင့်ကစား စစ်ပွဲအဆုံးသတ်ရေးအတွက် နှစ်ဖက်သဘောတူညီချက်တစ်ရပ် ရရှိရန် “ရက်အနည်းငယ်သာ လိုတော့ကြောင်း” အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း သတင်းထောက်များကို ထုတ်ဖော်ပြောကြားလိုက်သည်။
အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM)၏ အဆိုအရ ယခုတိုက်ခိုက်မှုသည် ဧပြီလအစောပိုင်းကတည်းက စတင်ခဲ့သည့် ပျက်စီးလွယ်သော အပစ်အခတ်ရပ်စဲရေးအပေါ် ဖိအားဖြစ်စေခဲ့သော်လည်း၊ အီရန်တပ်ဖွဲ့များထံမှ ကျရောက်လာနိုင်သည့် ခြိမ်းခြောက်မှုများဘေးမှ မိမိတို့စစ်သည်များကို ကာကွယ်ရန် “မိမိကိုယ်ကို ခုခံကာကွယ်သည့် တိုက်ခိုက်မှု” အဖြစ် လုပ် ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ကနဦးစာရွက်စာတမ်းပါ သီးခြားစကားလုံး အသုံးအနှုန်းများနှင့် ပတ်သက်၍ နှစ်ဖက်အပြန်အလှန် အပြင်းအထန် ဆွေးနွေးနေကြရသဖြင့် ရက်ပိုင်းမျှ အချိန်ယူရဦးမည်ဖြစ်ကြောင်း၊ သမ္မတ ထရန့်အနေဖြင့် “ကောင်းမွန်သည့် သဘောတူညီချက်” မျိုးကိုသာ လက်ခံမည်ဖြစ်ပြီး ကမ္ဘာ့အရေးပါဆုံး ရေနံသယ်ယူပို့ဆောင်ရေး လမ်း ကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို နည်းလမ်းတစ်ခုခုဖြင့် မဖြစ်မနေ ပြန်လည်ဖွင့်လှစ်ရမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
အီရန်အစိုးရဘက်ကမူ ၎င်းတို့၏ ဒုံးကျည်စင်များနှင့် ရေ ယာဉ်များ တိုက်ခိုက်ခံရသည့် သတင်းများကို ငြင်းဆိုခြင်းမရှိသလို၊ အတည်ပြုထုတ်ပြန်ခြင်းလည်း မလုပ်ဘဲ နှုတ်ဆိတ်နေဆဲဖြစ်သည်။ အမေရိကန်သံတမန်ဟောင်း အာဒမ် ကလီးမန့်စ် ကမူ အဆိုပါတိုက်ခိုက်မှုသည် စစ်ဆင် ရေးဆိုင်ရာ နည်းဗျူဟာမျှသာဖြစ်ပြီး နှစ်ဖက်တရားဝင် သံတမန်ရေးရာ မဟာဗျူဟာမြောက် ညှိနှိုင်းမှုများမှာ ဆက်လက်ရွေ့လျားနေဆဲဖြစ်၍ ဆွေးနွေးပွဲ လမ်းချော်သွားမည်မဟုတ်ကြောင်း သုံးသပ်ထားသည်။
ဒိုဟာဆွေးနွေးပွဲတွင် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားမှုကြောင့် ကမ္ဘာ့စွမ်းအင်စျေးနှုန်းများ မြင့်တက်နေသည့် ကိစ္စ၊ အီရန်၏ သန့်စင်မှုအဆင့်မြင့် ယူရေနီ ယံသိုလှောင်မှုကိစ္စနှင့် အီရန်ဗဟိုဘဏ်ဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်ကာ ပိတ် ဆို့ခံထားရသည့် အီရန်ရန်ပုံငွေများ ပြန်လည်ထုတ်ပေးရေးကိစ္စများကို အဓိကထား ဆွေးနွေးနေကြပြီး၊ သမ္မတထရန့်ကမူ အီရန်အနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်ခြင်းမှ တားဆီးရန် အဓိကရည်မှန်းထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN