ဟော်မုဇ်ရေလက်ကြား ‘ရာဇသံ’ သည် နောက်ဆုံးဖြစ် ကြောင်း ထရန့် သတိပေး၊ စစ်ပွဲရပ်တန့်ရန် အီရန်က အဆိုပြုချက်တင်သွင်း

(နိုင်ငံတကာ) ဧပြီ ၇

     အရှေ့အလယ်ပိုင်းစစ်ပွဲသည် အဆုံးအဖြတ်ပေးမည့် အရေးကြီးသော အချိန်မှတ်တိုင်သို့ ရောက်ရှိလာပြီဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပေးပါက အခြေခံအဆောက်အအုံများကို ဖျက်ဆီးပစ်မည်ဟု သတ်မှတ်ထားသော “အင်္ဂါနေ့ ရာဇသံ” သည် နောက် ဆုံးဖြစ်ကြောင်း ပြတ်ပြတ်သားသား သတိပေးလိုက်ပြီးနောက် ဒေသတွင်းစစ်ရေးတင်းမာမှုသည် အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

​     သမ္မတထရန့်သည် ဝါရှင်တန်စံတော်ချိန် အင်္ဂါနေ့ ည ၈ နာရီ (GMT ၀၀:၀၀) ကို နောက်ဆုံးအချိန်အဖြစ် သတ်မှတ်ခဲ့ပြီး ယင်းအချိန်ကို ရွှေ့ဆိုင်းပေးရန် “အလွန်မဖြစ်နိုင်ကြောင်း” ပြောကြားခဲ့သည်။ “သူတို့မှာ အချိန်တွေ အများကြီးရခဲ့ပြီးပြီ” ဟု ဆိုကာ သဘောတူညီချက်မရရှိပါက အီရန်နိုင်ငံကို “ကျောက် ခေတ်ရောက်သွားအောင်” ဗုံးကြဲပစ်မည်ဟု ပြင်းထန်စွာ ခြိမ်းခြောက်ခဲ့သည်။ အခြေခံအဆောက်အအုံများ တိုက်ခိုက်ခြင်းမှာ စစ်ရာဇဝတ်မှုဖြစ်နိုင်သည်ဟူသော စွပ်စွဲချက်များကိုလည်း ၎င်းက ပယ်ချခဲ့ပြီး အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်ပေးထားခြင်းကသာ စစ်ရာဇဝတ်မှုဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

​     သို့သော်လည်း အီရန်စစ်ဘက်က ထရန့်၏ ခြိမ်း ခြောက်မှုများကို “စိတ်ကူးယဉ်ဆန်ပြီး မောက်မာလွန်းသော စကားများ” အဖြစ် ပြန်လည်တုံ့ပြန်ခဲ့သည်။
ပါကစ္စတန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ရက်ပေါင်း ၄၅ ရက်ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အီရန်က ပယ်ချခဲ့ပြီး၊ ယင်းအစား စစ်ပွဲကို အပြီးတိုင်အဆုံး သတ်မည့် အချက် ၁၀ ချက်ပါ အဆိုပြုချက်သစ်တစ်ခုကို တင်သွင်းခဲ့သည်။ ယင်းအဆိုပြုချက်တွင်ဒေသတွင်း ပဋိပက္ခများ အားလုံးရပ်တန့်ရေး၊ ဟော်မုဇ်ရေလက်ကြားအတွင်း ဘေးကင်းစွာ ဖြတ် သန်းနိုင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အီရန်အပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများ ရုပ်သိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးတို့ ပါဝင်သည်။

     အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပေးပါက အခြေခံအဆောက်အအုံများကို ဖျက် ဆီးပစ်မည်ဆိုသည့် မိမိ၏ခြိမ်းခြောက်မှုကို ရှောင်လွှဲနိုင်ရန်အတွက် အီရန်ဘက်မှ တင်သွင်းလာသော စစ်ပွဲရပ်တန့်ရေး အဆိုပြုချက်မှာ လုံလောက်မှုမရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးပြောကြားလိုက်သည်။

     တနင်္လာနေ့တစ်ရက်တည်းမှာပင် အီရန်တစ်ဝှမ်း အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၃၄ ဦး သေဆုံးခဲ့ပြီး၊ အီရန်၏ ဒုံးကျည်နှင့် ဒရုန်းများသည်လည်း ပင်လယ်ကွေ့နိုင်ငံများရှိ အဓိကနေရာများကို ဆက်လက်ပစ်မှတ်ထားနေဆဲဖြစ်သည်။

     ဂါဇာအလယ်ပိုင်းရှိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ များ ခိုလှုံနေသည့် ကျောင်းတစ်ကျောင်းအနီးသို့ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်း ဆုံး လူ ၁၀ ဦး သေဆုံးခဲ့သည်။

​     သံတမန်နည်းအရ ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်မှာပင် အစ္စရေးသည် အီရန်စီးပွားရေး၏ အသက်သွေး ကြောဖြစ်သော အာဆာလူယေး (Asaluyeh) ရှိ တောင်ပိုင်းပါ့စ် (South Pars) သဘာဝဓာတ်ငွေ့သိုက်နှင့် ဆက်စပ်နေသော ရေနံဓာတုစက်ရုံကို တိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုအတွင်း အစ္စလာမ္မစ်တော်လှန် ရေးအစောင့်တပ်ဖွဲ့ (IRGC) မှ တပ်မှူးနှစ်ဦး သေဆုံးခဲ့ပြီး စက်ရုံတွင် မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။ ယင်းသည် ထရန့်၏ ရာဇသံနှင့် သီးခြားစီဖြစ်သော်လည်း အီရန်၏ စွမ်းအင်ကဏ္ဍကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။

​     ကမ္ဘာ့ရေနံရိက္ခာ၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို အီရန်က ထိန်းချုပ်ထားခြင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ အဆမတန် မြင့်တက်လာပြီး ကမ္ဘာ့စီးပွားရေးကို တုန်လှုပ်စေလျက်ရှိသည်။ အကယ်၍ အင်္ဂါနေ့ ရာဇသံကုန်ဆုံးချိန်တွင် သဘောတူညီချက် မရရှိပါက အမေရိကန်၏ အကြီးစား ဗုံးကြဲတိုက်ခိုက်မှုများ စတင်လာနိုင်ပြီး အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးသည် အဆုံးအစမရှိသော စစ်မီးအတွင်းသို့ ကျရောက်သွားနိုင်ဖွယ် ရှိနေပါသည်။

​#TrumpDeadline #HormuzStrait #IranWarUpdate #AsaluyehStrike #SouthParsGas #MiddleEastConflict #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN