(စီးပွားရေး) စက်တင်ဘာ ၈
၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း နိုင်ငံတစ်ဝန်း တရားမဝင်လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဖွဲ့စည်းထားသည့် စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးဖော်ထုတ်ခဲ့ရာ စုစုပေါင်း ၉၅ ဦးကို ဖော်ထုတ်ရရှိခဲ့ပြီး သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ မီတာဖြုတ်သိမ်းခြင်း၊ လျော်ကြေးငွေအပြည့်အဝ တောင်းခံခြင်းနှင့် အချို့ကို ဥပဒေအရ အမှုဖွင့်တရားစွဲဆိုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ၉၅ ဦးအနက် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၇ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၂ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၂၁ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၁၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၃၂ ဦး၊ ကချင်ပြည်နယ်တွင် ၁ ဦး၊ မွန်ပြည်နယ်တွင် ၂ ဦးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၃ ဦး ပါဝင်ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် မသမာသောနည်းလမ်းများ အသုံးပြု၍ တရားမဝင်ဓာတ်အား ရယူသုံးစွဲထားပါက ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အသိပေးရန်နှင့် အသိပေးလာသူများကို ဖြေလျှော့မှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယခင်က အသိပေးထားသည်။

သတ်မှတ်ကာလကျော်လွန်ပြီးနောက် Control Center များမှ တရားမဝင်ဓာတ်အားသုံးစွဲမှုများကို စစ်ဆေးတွေ့ရှိပါက ပြဋ္ဌာန်းထားသည့် လျှပ်စစ်ဥပဒေများနှင့်အညီ ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ မီတာအသုံးပြုခွင့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါကာလအတွင်း သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အသိပေးလာသူများအားလုံးကိုလည်း ဖြေလျှော့မှုများ အသီးသီး ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် Control Center များမှ စောင့်ကြည့်စစ်ဆေးလျက်ရှိရာ စက်တင်ဘာ ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ အကွက်အမှတ် (၃၂/၃၇) ရှိ SKY MAN သံရည်ကျိုလုပ်ငန်းတွင် အသုံးပြုနေသည့် မီတာအမှတ် (YN-17431) ၌ Alarm ပေါ်နေသဖြင့် တာဝန်ရှိသူများပါဝင်သည့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့နောက် အဆိုပါမီတာကို ဖြုတ်ယူ၍ Test Lab ဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ မီတာအား ပြုပြင်ထားပြီး ဓာတ်အားခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စက်ရုံကို ချက်ချင်းပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတော်အနေဖြင့် နစ်နာဆုံးရှုံးခဲ့သည့် လျှပ်စစ်ဓာတ်အား ယူနစ် ၂၃ ဒသမ ၃၆ သန်းအတွက် ကျသင့်လျော်ကြေးငွေ ကျပ် ၁၇ ဒသမ ၁၈၄ ဘီလီယံကို ပြန်လည်ပေးသွင်းစေရေးနှင့် လျှပ်စစ်ဥပဒေနှင့်အညီ မှော်ဘီမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ Control Center များတွင် နည်းပညာအဆင့်မြှင့်တင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေသဖြင့် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများကို ပိုမိုဖော်ထုတ်လာနိုင်ပြီး လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ပြည်သူများထံသို့လည်း ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးနိုင်လျက်ရှိကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့်လည်း ဓာတ်အားကို စနစ်တကျသုံးစွဲကြရန်နှင့် ဓာတ်အားခိုးယူသုံးစွဲမှုများ တွေ့ရှိပါက သက်ဆိုင်ရာ Call Center များသို့ ဆက်သွယ်သတင်းပေး၍ ပူးပေါင်းဆောင်ရွက်ကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားသည်။
ဆက်သွယ်ရန်
❖ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (နေပြည်တော်) – ၀၆၇-၃၄၁၀၀၇၂
❖ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) – ၁၇၁၇
❖ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) – ၁၆၁၆
၀၂-၄၀၃၉၃၃၀၊ ၀၂-၄၀၇၃၆၆၆၊ ၀၂-၄၀၇၂၆၁၈ (Hot Line) ❖ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ – ၀၆၇-၃၄၁၀၄၀၇၊ ၀၉၆၈၂၂၃၂၆၀၀၊ ၀၉၆၆၅၄၃၂၅၇၅