မြန်မာနိုင်ငံ စာတတ်မြောက်မှုနှုန်း ၉၂ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးတက်လာ၊ ကျန်ရှိနေသည့် စာမတတ်သူများ လျှော့ချရေး အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ကြိုးပမ်းရန် သမ္မတတိုက်တွန်း

(ပညာရေး) စက်တင်ဘာ ၈

၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် Naypyitaw State Academy ၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက စာတတ်မြောက်ခြင်းသည် လူသားတိုင်း၏ မွေးရာပါအခြေခံရပိုင်ခွင့်ဖြစ်သကဲ့သို့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ စာတတ်မြောက်မှသာ လေ့လာတတ်မြောက်ထားသည့် အတတ်ပညာများဖြင့် ဘဝကို ရှင်သန်ဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးထား မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း အခြားအစိုးရအဖွဲ့များနှင့် ပူးပေါင်းကာ လူတိုင်းစာတတ်မြောက်စေရေး အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ကြရန်လိုကြောင်း သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

ကျေးလက်ဒေသနှင့် အစွန်အဖျားဒေသများရှိ ပြည်သူများအားလုံး စာတတ်မြောက်ရေးကို အလေးထားဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ ၉၂ ဒသမ ၁ ရာခိုင်နှုန်းနှင့် တွက်ချက်မှုတတ်မြောက်နှုန်းမှာ ၉၂ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။

ကျန်ရှိနေသေးသည့် စာမတတ်သူဦးရေကိုလည်း နှစ်အလိုက် ထိရောက်စွာ လျှော့ချနိုင်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆက်လက်ကြိုးပမ်းသွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့၏ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ကမ္ဘာမြေနှင့် လူသားများ သာယာဝပြောဖို့ စာတတ်မြောက်ရေး မြှင့်တင်စို့” “Literacy for people, the planet, and prosperity” ဖြစ်ကြောင်း သိရသည်။

လူသားတစ်ဦးချင်းစီ၏ စာတတ်မြောက်ခြင်းသည် ကမ္ဘာကြီးတစ်ခုလုံး၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို စွမ်းဆောင်ပေးနိုင်သည့် အဓိကအရင်းအမြစ်ဖြစ်ကြောင်းလည်း သမ္မတက ပြောကြားခဲ့သည်။

အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာ မပြီးမြောက်ခဲ့သူများအတွက် ကျောင်းပြင်ပ မူလတန်းပညာရေးအစီအစဉ် (Non-Formal Primary Education-NFPE) နှင့် အလယ်တန်းပညာ မပြီးမြောက်ခဲ့သူများအတွက် ကျောင်းပြင်ပ အလယ်တန်းပညာရေးအစီအစဉ် (Non-Formal Middle Education-NFME) များကို သင်ကြားပေးလျက်ရှိပြီး ကျောင်းပြင်ပရောက် ကလေးများအတွက် အဖိုးတန် “ဒုတိယအခွင့်အရေး” ဖြစ်ကြောင်း သိရသည်။

စာတတ်မြောက်ခြင်းမှတစ်ဆင့် အသိပညာနှင့် လူနေမှုဘဝမြင့်မားရေးအတွက် ရပ်ရွာအခြေပြုစာကြည့်တိုက်များမှတစ်ဆင့် ပညာဗဟုသုတများ ဖတ်ရှုလေ့လာနိုင်ရန် အားပေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် Mobile Application များအသုံးပြုကာ အခြေခံစာတတ်မြောက်ရေးကို သင်ကြားပေးနိုင်ခဲ့သည့်အပြင် မြန်မာ့ပညာရေးရုပ်မြင်သံကြားအစီအစဉ် (Myanmar Education Channel) မှလည်း ပညာရေးဆိုင်ရာအစီအစဉ်များကို ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစွန်အဖျားများရှိ တိုင်းရင်းသားပြည်သူများ၏ အရေး၊ အဖတ်၊ အတွက်အချက်များ တတ်မြောက်လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့် အသင်းအဖွဲ့များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့က ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း သမ္မတက ပြောကြားခဲ့သည်။

ကျေးလက်ဒေသအစွန်အဖျားတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကလည်း အလေးအနက်ထား ဆောင်ရွက်ကြရန်လိုကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။

စာတတ်သူတိုင်းအနေဖြင့်လည်း ဘဝအတွက် ပိုမိုပြည့်စုံရန်၊ ဗဟုသုတကြွယ်ဝရန်နှင့် အသိပညာပြည့်ဝရန် စာဖတ်ကြရန်လိုကြောင်း၊ ပညာဆိုသည်မှာ ရှာဖွေလေ့လာ၍ ကုန်သည်မရှိသည့်အတွက် စာတတ်သူတိုင်း စာဖတ်ရေးနှင့် အစဉ်လေ့လာသင်ယူနေသည့် လူ့အဖွဲ့အစည်းအဖြစ် ရှင်သန်ရပ်တည်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း သမ္မတက ပြောကြားခဲ့သည်။

စာတတ်မြောက်ခြင်းသည် အသိပညာဗဟုသုတများ တိုးပွားစေရုံသာမက လူနေမှုဘဝကိုပါ မြင့်မားစေသည့်အတွက် ပြည်သူအားလုံး စာတတ်မြောက်ရန်လိုကြောင်းလည်း ၎င်းက ဆိုသည်။

နောက်ဆုံးအနေဖြင့် စာတတ်မြောက်ခြင်းမှတစ်ဆင့် ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ဆီသို့ အားလုံးလက်တွဲညီညီ ပူးပေါင်းဆောင်ရွက်၍ အတူတကွ ချီတက်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် – www.positiveanglenews.com

Telegram – t.me/positiveanglenews

#PAN