(ပြည်တွင်း) ဧပြီ ၆
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ဝန်ကြီးချုပ်ခန့်အပ်ရေးနှင့် အစိုးရဖွဲ့စည်းရေးဆိုင်ရာ အရေးပါေသာဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၁၂၃) ဦးအနက် (၁၂၂) ဦး တက်ရောက်ခဲ့ပြီး အများစုတက်ရောက်မှုဖြင့် အစည်းအဝေး အထမြောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ဦးအောင်နိုင်သူ ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် လွှတ်တော်မှ သဘောတူ အတည်ပြုခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် ဝန်ကြီးဌာန (၁၀) ခုနှင့် ဝန်ကြီးဦးရေ (၁၀) ဦး သတ်မှတ်ခဲ့ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနတို့ကို သတ်မှတ်ခဲ့သည်။

ထို့အပြင် တိုင်းဒေသကြီးတရားလွှတ်တော်အတွက် တရားသူကြီးဦးရေ (၆) ဦး သတ်မှတ်ခြင်းကိုလည်း လွှတ်တော်မှ သဘောတူဆုံးဖြတ်ခဲ့သည်။
အဆိုပါ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ ၄၈ မိနစ်တွင် ရပ်နားခဲ့ကြောင်း သိရသည်။
#PAN