“မန္တလေးငလျင် (၁)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ—ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တက်ရောက်”

(ပြည်တွင်း) မတ် ၂၈

မန္တလေးငလျင်ကြီး လှုပ်ခတ်မှု (၁)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် မတ်လ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် ဇနီး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်နှင့် ဇနီးတို့အပါအဝင် ပြည်နယ်အဆင့်တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအစတွင် တက်ရောက်သူများက မန္တလေးငလျင်ကြီးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၁ မိနစ် ငြိမ်သက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ငလျင်ဘေးတုံ့ပြန်ဆောင်ရွက်မှုများတွင် ပါဝင်ကူညီခဲ့သည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ငလျင်ဘေးတုံ့ပြန်ဆောင်ရွက်မှုမှတ်တမ်းများကို Video ဖြင့် ပြသခဲ့ပြီး အခမ်းအနားကို နေ့လယ် ၂ နာရီ ၄၀ မိနစ်တွင် ရုပ်သိမ်းခဲ့သည်။

အခမ်းအနားပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့တော်ခန်းမရှေ့တွင် ပြသထားသည့် ငလျင်ဘေးတုံ့ပြန်မှု မှတ်တမ်းပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

#PAN