(ပြည်တွင်း) မတ် ၂၈
မန္တလေးငလျင်ကြီး လှုပ်ခတ်မှု (၁)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်မှ ၂ နာရီ ၁၅ မိနစ်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဇနီးတို့အပါအဝင် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ နိုင်ငံခြားကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအစတွင် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မန္တလေးငလျင်ကြီးကြောင့် ကွယ်လွန်ခဲ့သူများအတွက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်အချိန်တွင် ၁ မိနစ် ငြိမ်သက်ကာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ကြသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုအခြေအနေများ၊ အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့သည့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအကြောင်း Video Clip ဖြင့် ပြသခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် လွှတ်တော်ဥက္ကဋ္ဌတို့အပါအဝင် တာဝန်ရှိသူများက ငလျင်ဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဌာနဆိုင်ရာများ၊ နိုင်ငံခြားအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ စုစုပေါင်း ၈၆ သင်းအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မဟာလူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ဦးသက်ထွန်းဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး နောက်ဆုံးတွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် တာဝန်ရှိသူများက တက်ရောက်လာသူများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး အခမ်းအနားမစတင်မီတွင်လည်း ခန်းမအတွင်း ပြသထားသည့် ငလျင်ဘေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
#PAN