
(ပြည်တွင်း) အောက်တိုဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) တိုးချဲ့တပ်ပိုင်မြေ ၂၀၀.၄၁ ဧကကို ၂၀၀၀ ပြည့်နှစ်ကတည်းက လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတော်သို့ လျှောက်ထားခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် ဩဂုတ်လတွင် ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားသည်။
ဝန်ကြီးဌာန၏ ဖြေကြားချက်အရ တပ်မတော်နည်းပညာတက္ကသိုလ်၏ မူလမြေဧရိယာများသည် တက္ကသိုလ် စတင်တည်ထောင်စဉ်ကတည်းက ရှိခဲ့သည့် မြေနေရာများဖြစ်ကြောင်း၊ အဆိုပါမြေများကို တပ်ပိုင်မြေအဖြစ် ရယူရာတွင် သစ်တောမြေ၊ အစိုးရမြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများဖြစ်ပါက ဥပဒေနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထားကို မေးမြန်းခဲ့ကြောင်း သိရသည်။
အခြားမြေအမျိုးအစားများအတွက် လျော်ကြေးနှင့် နစ်နာကြေးများ ပေးလျော်ခြင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတော်သို့ တင်ပြ၍ ခွင့်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းလည်း ဝန်ကြီးဌာနက ဖြေကြားထားသည်။
ထို့ပြင် အချို့မြေများတွင် စီမံကိန်းများကို ချက်ချင်းအကောင်အထည်ဖော်ခဲ့သော်လည်း အချို့မြေများကိုမူ အနာဂတ်စီမံကိန်းများ၊ လုံခြုံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်များအတွက် ရေရှည်တိုးချဲ့အသုံးပြုရန် ရည်ရွယ်၍ သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
တိုးချဲ့မြေ ၂၀၀.၄၁ ဧကနှင့်ပတ်သက်၍ ၂၀၀၀ ပြည့်နှစ်မှစတင်ကာ နိုင်ငံတော်သို့ လျှောက်ထားခဲ့ပြီး အဆင့်ဆင့်စိစစ်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဩဂုတ်လတွင် တပ်မတော်နည်းပညာတက္ကသိုလ် တိုးချဲ့တပ်ပိုင်မြေအဖြစ် အသုံးပြုရန် ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းသည့် အမိန့်ကြော်ငြာစာကို ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။
မြေယာအငြင်းပွားမှုများနှင့် လျော်ကြေးငွေပေးအပ်မှုများကို သက်ဆိုင်ရာ မြေသိမ်းဆည်းရေးအဖွဲ့များက ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းလည်း ဖြေကြားချက်တွင် ပါရှိသည်။
ထို့အပြင် မြေနှင့်ပတ်သက်သည့် ကန့်ကွက်လွှာများကို စက်တင်ဘာ ၂၅ ရက်မတိုင်မီ တင်သွင်းနိုင်ကြောင်း အသိပေးကြေညာထားခြင်းမျိုးကို ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားခြင်းမရှိကြောင်း ဝန်ကြီးဌာနက ပြောကြားထားသည်။
မီဒီယာများကမူ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ဧရိယာတိုးချဲ့ရန်အတွက် အနီးပတ်ဝန်းကျင်ရှိ မြေအချို့ကို အသုံးပြုရန် လျှောက်ထားမှု ရှိ၊ မရှိ၊ လျှောက်ထားသည့် မြေဧရိယာ မည်မျှရှိကြောင်း၊ တိုးချဲ့မြေဧရိယာအတွင်း လက်ရှိနေထိုင်သည့် ဒေသခံများ၏ နေအိမ်နှင့် မြေနေရာများအတွက် မည်သို့အစားထိုးပေးမည်ဖြစ်ကြောင်း မေးမြန်းခဲ့သည်။
ထို့အပြင် ကန့်ကွက်လိုသူများအနေဖြင့် ခိုင်လုံသောအထောက်အထားများနှင့်အတူ စက်တင်ဘာ ၂၅ ရက်မတိုင်မီ လျှောက်လွှာတင်သွင်းနိုင်ကြောင်း ဖော်ပြထားသည့် ကြေညာစာများကို ဒေသခံများထံ ကြိုတင်ဖြန့်ဝေအကြောင်းကြားခဲ့ခြင်း ရှိ၊ မရှိနှင့် ကန့်ကွက်လျှောက်ထားသူ အရေအတွက် မည်မျှရှိနေပြီဖြစ်ကြောင်းကိုလည်း မေးမြန်းခဲ့ကြသည်။