“စက်သုံးဆီရောင်းချမှုများ အွန်လိုင်းစနစ်ဖြင့် စောင့်ကြည့်—QR Code စနစ် တိုးချဲ့အသုံးပြုမည်”

(ပြည်တွင်း) မတ် ၂၈

စက်သုံးဆီရောင်းချမှုများကို စနစ်တကျ ထိန်းညှိနိုင်ရေးအတွက် Online Monitoring Center မှတဆင့် မြို့ကြီးများရှိ စက်သုံးဆီအရောင်းဆိုင်များကို အွန်လိုင်းဖြင့် စောင့်ကြည့်ထိန်းကျောင်းလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ စောင့်ကြည့်မှုများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များရှိ စက်သုံးဆီဆိုင်များတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယာဉ်များအနေဖြင့် စက်စွမ်းအားအလိုက် သတ်မှတ်ထားသည့် ပမာဏအတိုင်းသာ စက်သုံးဆီဝယ်ယူနိုင်ရန် စိစစ်ရောင်းချလျက်ရှိကြောင်း သိရသည်။

ထို့ပြင် Bar Code/QR Code စနစ်ကို ရန်ကုန်–မန္တလေးလမ်းမကြီးတစ်လျှောက်ရှိ ဆိုင်များတွင် အသုံးပြုနေပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း ဆက်လက်တိုးချဲ့နိုင်ရေး သင်တန်းများပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Bar Code/QR Code ဖြင့် စစ်ဆေးရာတွင် အခက်အခဲရှိသည့် ယာဉ်များ၊ လုပ်ငန်းသုံးမော်တော်ယာဉ်ငယ်များနှင့် အခြားလုပ်ငန်းသုံးကဏ္ဍများအတွက်လည်း မှတ်တမ်းတင်စနစ်ဖြင့် စက်သုံးဆီများကို ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။

စက်သုံးဆီဆိုင်များတွင် သတ်မှတ်ထားသည့် ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပြီး စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရန် စီမံဆောင်ရွက်ထားကြောင်းလည်း စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားသည်။

လက်ရှိတွင် စက်သုံးဆီလုံလောက်စွာရှိနေသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှု မရှိဘဲ လိုအပ်သလောက်သာ ဝယ်ယူရန်နှင့် ဝယ်ယူရာတွင် အခက်အခဲများရှိပါက Call Center ဖုန်းနံပါတ် 09-440433324 နှင့် Viber 09-401748598 မှတဆင့် တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#PAN