ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ ဝိုင်းမော်မြို့တွင် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲပြုလုပ်၊ မုတ်လွဲရေကာတာ တည်ဆောက်မှုကို စစ်ဆေး

(လွှတ်တော်) အောက်တိုဘာ ၂၂

ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံနှင့် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးတို့ ဦးဆောင်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့မှ ဝိုင်းမော်မြို့သို့ သွားရောက်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များကို တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဆမားခန်းမ၌ နံနက် ၁၀ နာရီက ကျင်းပခဲ့သည့် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲတွင် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးချန်းဂျောင်ဆားရ်၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးခေါ်ဆာနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်မိုးသီတာသိန်းတို့က ဆွေးနွေးပြောကြားခဲ့ကြသည်။

တက်ရောက်လာသည့် ဒေသခံပြည်သူများကလည်း ဒေသ၏ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် လာချိဒ်စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း၊ လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း၊ လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း၊ တိုင်းလျန်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ တိုင်းလေစာပေနှင့် ယဉ်ကျေးမှုအသင်းတို့မှ တာဝန်ရှိသူများအား အလှူငွေများ ပေးအပ်ခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားကို နေ့လယ်ပိုင်း တွင် ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ်ရှိ မုတ်လွဲရေကာတာသို့ သွားရောက်ကာ ဧရာဝတီမြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ရေကာတာတည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြသည်။

Telegram – t.me/positiveanglenews

#PAN