ခါ့ဂ်ကျွန်း (Kharg Island)ကို သိမ်းပိုက်ပါက ဒေသတွင်းအိမ်နီးချင်းနိုင်ငံအား တီဟီရန်က သတိပေး

(နိုင်ငံတကာ)မတ် ၂၆

    အီရန်နိုင်ငံ၏ ခါ့ဂ်ကျွန်း(Kharg Island)ကို သိမ်း ပိုက်ရန် “အီရန်၏ ရန်သူများ” က စီစဉ်နေပြီး ယင်းလုပ် ရပ်တွင် ဒေသတွင်းနိုင်ငံတစ်ခုက ကူညီပံ့ပိုးပေးနေကြောင်း ထောက်လှမ်းရေးအစီရင်ခံစာများအရ သိရှိရသည်ဟု တီဟီရန်အဆင့်မြင့်အရာရှိတစ်ဦးက သတိပေးလိုက်သည်။

     အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် (Mohammad Bagher Ghalibaf) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားရာ၌ ထိုကဲ့သို့သော ကြိုးပမ်းမှုမှန်သမျှကို အဆိုပါစစ်ဆင်ရေးတွင် ကူညီပေးသည့် (အမည်မဖော်လိုသော) ဒေသတွင်းနိုင်ငံ၏ “အရေးပါသော အခြေခံအဆောက်အအုံများ” အား ပစ်မှတ်ထားတိုက် ခိုက်ခြင်းဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဆိုသည်။


     “အဆိုပါဒေသတွင်းနိုင်ငံကို ရပ်တန့်ခြင်းမရှိဘဲ မပြတ်မတောက် တိုက်ခိုက်သွားမှာဖြစ်ပါတယ်” ဟု ဂါလီဘတ်ဖ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

     ဂါလီဘတ်ဖ်၏ သတိပေးချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စစ်ပွဲကိုအဆုံးသတ်ရန် အီရန်နှင့် ညှိနှိုင်းနေပြီဟု ဆက်တိုက်ဆိုနေချိန် (တီဟီရန်ကမူ ငြင်းဆိုထားသည်) တွင် ထွက်ပေါ်လာခြင်းဖြစ် သည်။ တစ်ဖက်တွင်လည်း အိမ်ဖြူတော်က အီရန်ခေါင်းဆောင်ပိုင်းအပေါ် ခြိမ်းခြောက်မှုအသစ်များ ပြုလုပ်လျက်ရှိသည်။

     အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ် (Karoline Leavitt) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားရာ၌ အီရန်အနေဖြင့် ရှုံးနိမ့်မှုကို လက်ခံရမည်ဖြစ် ကြောင်း ဆိုသည်။

     “အကယ်၍ အီရန်က လက်ရှိအခြေအနေကို လက်မခံဘဲ သူတို့ဟာ စစ်ရေးအရ ရှုံးနိမ့်သွားပြီ၊ ဆက်ပြီးတော့လည်း ရှုံးနိမ့်နေဦးမှာဖြစ်တယ်ဆိုတာကို နားမလည်ဘူးဆိုရင် သမ္မတထရန့်ဟာ သူတို့တစ်ခါမှ မကြုံဖူးသေးတဲ့ ပြင်းထန်တဲ့ ရိုက်ခတ်မှုမျိုးတွေ ကြုံရ အောင် လုပ် ဆောင်သွားမှာပါ” ဟု လီဗစ်က ပြောကြားခဲ့သည်။ “သမ္မတထရန့်ဟာ ဟန်ပြခြိမ်းခြောက်တတ်သူမဟုတ်ပါဘူး၊ သူဟာ ငရဲလားသကဲ့သို့ ပြင်းထန်တဲ့ တိုက် ခိုက်မှုတွေ (Unleash hell) လုပ်ဖို့ အသင့်ပြင်ထားပါတယ်” ဟု လီဗစ်က ထပ်လောင်းပြောကြားခဲ့သည်။

     ဝါရှင်တန်ဘက်က ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှိနေသည်ဟု ဆိုနေသော်လည်း အီရန်အပေါ် ပြင်းထန်သော စစ်ပွဲဖြင့် ခြိမ်းခြောက်နေသည့် အချိန်မှာပင် ပင်တဂွန်စစ်ဌာနချုပ်သည် ပါရှန်ကွေ့ဒေသသို့ လေ ကြောင်းချီတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို စေလွှတ်နေပြီး ယင်းမှာ လမ်းခုလတ်သို့ ရောက်ရှိနေပြီဖြစ်သော အမေရိကန် မရိန်းတပ်ဖွဲ့ဝင်နှစ်စုအပြင် ထပ်မံဖြည့်တင်းလိုက်ခြင်း ဖြစ်သည်။

     အမေရိကန်သတင်းမီဒီယာများ၏ ဖော်ပြချက်အရ အမေရိကန်ကြည်းတပ်၏ အမှတ် (၈၂) လေကြောင်း ချီတပ်မ (82nd Airborne Division) မှ စစ်သည်အင်အား ၂,၀၀၀ ခန့်ကို အဆိုပါဒေသသို့ စေလွှတ်ရန် အမိန့်ပေးထားကြောင်း သိရသည်။ ထို့အပြင် အလွန်ကြီးမားသော ဧရာမ ကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေးသသင်္ဘောကြီးပေါ်တွင် လိုက်ပါလာသည့် မရိန်းတပ်ဖွဲ့ ၏ အမြန်တုံ့ပြန်ရေးတပ်ဖွဲ့ (Marine Expedit -ionary Units) နှစ်စုအနက် ပထမတစ်စုသည်လည်း လာမည့်ရက်အနည်းငယ်အတွင်း အဆိုပါဒေသသို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း အစီရင်ခံစာများအရ သိရှိရပါသည်။

     တီဟီရန်မြို့အခြေစိုက် Al Jazeera သတင်း ထောက် Mohamed Vall ၏ တင်ပြချက်အရ အီရန်ပြည်သူများသည် ဒေသတွင်းသို့ အမေရိကန် ကြည်း တပ်နှင့် စစ်သင်္ဘောများ စုပြုံရောက်ရှိလာနေမှုကို ကောင်းစွာသတိပြုမိကြပြီး “ဒါဟာ ဘာကိုဦးတည်နေသလဲဆိုတာ သူတို့သိကြတယ်” ဟု ဆိုသည်။

     “လက်ရှိမှာတော့ အီရန်ပြည်သူတွေဟာ စစ်ပွဲပြီးဆုံးဖို့ထက် စစ်ပွဲဆက်ဖြစ်ဖို့ ပိုသေချာနေကြပြီး အဲဒီအတွက်လည်း ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်” ဟု Vall က ပြောကြားခဲ့သည်။ “အမေရိကန်ဟာ အီရန်ရဲ့ ခါ့ဂ်ကျွန်း (Kharg Island)ကို မျက်စိကျနေတယ်ဆိုတာကိုလည်း သူတို့သိထားကြတယ်” ဟု ၎င်းကဆိုကာ အစောပိုင်းက အီရန်လွှတ်တော်ဥက္ကဋ္ဌ၏ ဒေသတွင်းနိုင်ငံတစ်ခုအပေါ် ခြိမ်းခြောက်မှုမှာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကို ရည်ညွှန်းခြင်းဖြစ်နိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

     အီရန်၏ တာ့စ်နင်း (Tasnim) သတင်းဌာနကလည်း အမည်မဖော်လိုသော စစ်ဘက်သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ပြောကြားရာ၌ အကယ်၍ “အီရန်ကျွန်း စုများ သို့မဟုတ် အီရန်ပိုင်နက်အတွင်း တစ်နေရာရာ” တွင် စစ်ရေးအရ အရေးယူမှုများရှိလာပါက အီရန်အနေဖြင့် ပင်လယ်နီ (Red Sea) အဝင်ဝတွင် စစ်မျက် နှာသစ်တစ်ခုကို ဖွင့်လှစ်သွားနိုင်ကြောင်း ဗုဒ္ဓဟူးနေ့တွင် သတိပေးခဲ့သည်။

​#PositiveAngleNews #USMilitary #Airborne82 #KhargIsland #IranWar #MiddleEastCrisis #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN