

(ပြည်တွင်း) မတ် ၂၃
နွားဝယ်ရန် ပျော်ဘွယ်မြို့သို့ထွက်ခွာလာသည့် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မှဒေသခံတစ်ဦးနှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ဒေသခံပြည်သူတစ်ဦးကို PDF အကြမ်းဖက်များမှ ပစ်ခတ်သတ်ဖြတ်သွားပြီး တစ်ဦးမှာပျောက်ဆုံးနေကြောင်း သိရသည်။
နတ်မောက်မြို့နယ်၊ နတ်မောက်-စိုင်ကောင်းကားလမ်း မိုင်တိုင်အမှတ် ၄ မိုင် ၁ ဖာလုံအနီး၌ ၂၀ရက် နံနက် ၁၁ နာရီခန့်တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေကြောင်းသတင်းအရ လုံခြုံရေးအဖွဲ့များမှ သွားရောက် စိစစ်ခဲ့ရာ မကွေးမြို့နယ်၊ လေးအိမ်ကျေးရွာနေ ဦးခင်မောင်ထွန်း (၄၄) နှစ်ဖြစ်ကြောင်း သိရသည်။
မကွေးမြို့နယ်၊ လေးအိမ်ကျေးရွာနေ ဦးခင်မောင်ထွန်း (၄၄) နှစ်သည် နတ်မောက်မြို့နယ်၊ ပတောက်ငုပ်ကျေးရွာနေ ဦးစန်းလင်း (ခ) ဦးငချင်းနှင့်အတူ နွားဝယ်ရန် ပျော်ဘွယ်မြို့သို့ ထွက်ခွာသွားခဲ့ပြီး နေအိမ်သို့ ပြန်လည်မရောက်ရှိသဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ရာ အဆိုပါလမ်းဘေး၌ ပစ်ခတ်သတ်ဖြတ်ခံထားရသည့် ဦးခင်မောင်ထွန်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဦးစန်းလင်း (ခ) ဦးငချင်းမှာ ယနေ့အထိ ပျောက်ဆုံးနေသဖြင့် ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာ၌ မတ် ၂၀ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် နေအိမ်တွင်ရှိနေသည့် ဦးစိုးဌေးအောင် (၅၀) နှစ်အား လူ ၈ ဦးခန့်က ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာကာ “ဒလန်” ဟု စွပ်စွဲ၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှစ်ခုစလုံးနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။