ပါဟန်းပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေး စစ်ဆင်ရေးပြုလုပ်၊ နိုင်ငံခြားသား ၂၂၈ ဦး ဖမ်းဆီး

(နိုင်ငံတကာ) ဩဂုတ် ၁၈

မလေးရှားနိုင်ငံ ပါဟန်းပြည်နယ်ရှိ Jerantut၊ Rompin နှင့် Kuantan ခရိုင်များတွင် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက တစ်ပြိုင်တည်း စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ နိုင်ငံခြားသား ၂၂၈ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ပါဟန်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ဩဂုတ် ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ဆင်ရေးကို ပါဟန်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး Nursafariza binti Ihsan ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ပြီး အရာရှိ ၅၂ ဦး ဖြင့် ခရိုင်သုံးခုရှိ စိုက်ပျိုးရေးခြံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးမှုအတွင်း လူပေါင်း ၅၁၄ ဦး ကို စစ်ဆေးခဲ့ပြီး နိုင်ငံခြားသားများအနက် အထောက်အထားစာရွက်စာတမ်း မရှိသူများ၊ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ် စည်းကမ်းများကို ချိုးဖောက်သူများ၊ ခွင့်ပြုထားသည့်ကာလထက် ကျော်လွန်နေထိုင်သူများနှင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးဥပဒေ ၁၉၅၉/၆၃ အရ ပြစ်မှုကျူးလွန်ထားသည်ဟု သံသယရှိသူများကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ၂၂၈ ဦးကို ပုဒ်မ ၅၁(၅)(b) အရ ၁၄ ရက်ကြာ ထိန်းသိမ်းထားမည်ဖြစ်ပြီး ဆက်လက်စစ်ဆေးရန်အတွက် Kemayan လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း တွင် ထားရှိထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပါဟန်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက တရားမဝင်နေထိုင်သည့် နိုင်ငံခြားသားများ (PATI) ရှိနေသည့်နေရာများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အာဏာပိုင်များထံ ပေးပို့ကြရန် ပြည်သူများအား တိုက်တွန်းထားသည်။

ထို့အပြင် တရားမဝင်နေထိုင်သည့် နိုင်ငံခြားသားများသာမက ၎င်းတို့ကို အလုပ်ခန့်ထားသူများနှင့် နေထိုင်ခွင့်ပေးထားသူများကိုပါ သက်ဆိုင်ရာဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက သတိပေးထားသည်။