စားသုံးဆီတင်သင်္ဘော MT TIRTASARI ရန်ကုန် K.I.P ဆိပ်ကမ်းသို့ ဆိုက်ကပ်

(စီးပွားရေး) မတ် ၂၃

ရန်ကုန်ရှိ K.I.P ဆိပ်ကမ်းသို့ MT TIRTASARI အမည်ရှိ စားသုံးဆီတင်သင်္ဘောသည် မတ်လ ၂၁ ရက်နေ့ ညပိုင်းတွင် ဆိုက်ကပ်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယင်းသင်္ဘောရောက်ရှိလာခြင်းမှာ ပြည်တွင်းစားသုံးဆီ လုံလောက်မှုရှိစေရန်နှင့် စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့် ကုန်ကြမ်းများကို အချိန်မီ ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘောပေါ်တွင် တင်ဆောင်လာသော စားသုံးဆီများ၏ အရည်အသွေးနှင့် အလေးချိန် တိကျမှန်ကန်မှု ရှိစေရန်အတွက် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေး ကြီးကြပ်ရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကန်ကြီးကြပ်ရေးအဖွဲ့နှင့် MITS အဖွဲ့တို့မှ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

MT TIRTASARI သင်္ဘောသည် မတ်လ ၂၂ ရက်နေ့ ည ၁၀ နာရီ ၅၄ မိနစ်ခန့်တွင် ကုန်ချလုပ်ငန်းစဉ်များအားလုံးကို အောင်မြင်စွာ ပြီးစီးခဲ့ပြီး ယခုကဲ့သို့ စနစ်တကျ စစ်ဆေးတင်သွင်းမှုများ ဆောင်ရွက်ခြင်းကြောင့် ပြည်သူများထံသို့ အရည်အသွေးမီ စားသုံးဆီများကို စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။