ထားဝယ်မြို့နယ်တွင် ဖမ်းဆီးခံထားရသည့် ဒု-အကောက်ခွန်မှူး ဦးဖြိုးစံ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

(မှုခင်း) ဩဂုတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် အကောက်ခွန်ဦးစီးဌာနမှ ဒု-အကောက်ခွန်မှူး ဦးဖြိုးစံကို ဖမ်းဆီးသွားပြီး ၂၈ ရက်အကြာတွင် PDF အဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ဒု-အကောက်ခွန်မှူး ဦးဖြိုးစံသည် ဖမ်းဆီးခံထားရစဉ် ပြန်လည်ခုခံကာ ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း စစ်ဌာန၊ နည်းဗျူဟာ ၃၃ က ထုတ်ပြန်ထားသည်။

အကောက်ခွန်ဦးစီးဌာနမှ ဒု-အကောက်ခွန်မှူး ဦးဖြိုးစံကို ဇူလိုင် ၂၀ ရက်က လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေအနီးတွင် PDF အမှတ် ၈၀၀၃ တပ်ရင်းက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးဖြိုးစံသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးအခြေအနေများ၊ စက်ပစ္စည်းများ စစ်ဆေးမှုများကို ဆောင်ရွက်နေစဉ် PDF အဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ တပ်မတော်စစ်ကြောင်းများက ထားဝယ်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာချိန်တွင် PDF အဖွဲ့ဝင်များက ဖမ်းဆီးထားသည့် ဒု-အကောက်ခွန်မှူး ဦးဖြိုးစံကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ဦးဖြိုးစံ သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာဘက်များ၏ ထုတ်ပြန်ချက်များအကြား အကြောင်းပြချက်ကွဲလွဲမှုများ ရှိနေသဖြင့် ဖြစ်စဉ်အသေးစိတ်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN