အရက်မူးနေတဲ့ ခင်ပွန်းက ဇနီးဖြစ်သူနဲ့ စကားများရန်ဖြစ်ပြီး ဓာတ်ဆီလောင်းမီးရှို့သတ်ဖြတ်

(မှုခင်း) ဩဂုတ် ၁၈

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ အရက်သောက်စားပြီး မူးနေတဲ့ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူနဲ့ စကားများ ရန်ဖြစ်ရာကနေ ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့လို့ သိရပါတယ်။

မိတ္ထီလာမြို့၊ ပြည်သာယာရပ်ကွက်က နေအိမ်တစ်ခုမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ ည ၉ နာရီခန့်က ခင်ပွန်းဖြစ်သူမှာ အရက်မူးနေချိန် ဇနီးဖြစ်သူနဲ့ စကားများရန်ဖြစ်ရာကနေ ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့လို့ ဇနီးဖြစ်သူမှာ မီးလောင်သေဆုံးခဲ့ရတယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

အရက်သောက်စားမူးယစ်နေသူ အသက် ၂၇ နှစ်အရွယ် နိုင်လင်းဟာ အသက် ၂၈ နှစ်အရွယ် ဇနီးဖြစ်သူ မစုသီရိအောင်နဲ့ စကားများရန်ဖြစ်ခဲ့ပြီးနောက် ဓာတ်ဆီနဲ့ လောင်းပြီး ဆေးလိပ်မီးနဲ့ ပစ်ပေါက်တာတွေ၊ ပလတ်စတစ်ကို မီးရှို့ကာ ထပ်မံပစ်ပေါက်တာတွေကို ပြုလုပ်ခဲ့တာကြောင့် မစုသီရိအောင်မှာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရတာ ဖြစ်ပါတယ်။

မစုသီရိအောင်ဟာ နေအိမ်မှာ အရက်သောက်ပြီး မူးနေတဲ့ ခင်ပွန်းဖြစ်သူနဲ့ လင်မယားချင်း စကားများရန်ဖြစ်ခဲ့ပြီးနောက် ဒေါသမပြေနိုင်သေးတဲ့ နိုင်လင်းက ဇနီးဖြစ်သူ အိမ်သာသွားနေစဉ် ဆိုင်ကယ်ထဲက ဓါတ်ဆီတွေကို ထုတ်ယူခဲ့ပြီး ဇနီးဖြစ်သူကို ဓါတ်ဆီနဲ့လောင်းပက်ကာ သောက်လက်စ ဆေးလိပ်မီးနဲ့ ပစ်ပေါက်မီးရှို့ခဲ့ပေမယ့် မီးမလောင်ခဲ့လို့ အရက်သောက်ရာမှာ အမြည်းထည့်ထားတဲ့ ပလတ်စတစ်အိတ်ခွံကို မီးရှို့ပြီး ထပ်မံပစ်ပေါက်ခဲ့ရာက ဇနီးဖြစ်သူရဲ့ ခန္ဓာကိုယ်မှာ မီးလောင်သွားခဲ့ရတာဖြစ်တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုပါတယ်။

ဇနီးဖြစ်သူ မီးလောင်ခဲ့ပြီးနောက် နိုင်လင်းဟာ သောက်ရေအိုးထဲက ရေတွေနဲ့ လောင်းချကာ ငြှိမ်းသတ်ခဲ့လို့ မီးငြိမ်းခဲ့ပေမယ့်လည်း မီးငြှိမ်းသတ်တာ နောက်ကျသွားခဲ့လို့ ဇနီးဖြစ်သူမှာ လည်ပင်း၊ ရင်ဘတ်၊ နောက်ကျော၊ ဘယ်ညာလက်နှစ်ဘက်လုံး၊ ညာဘက်ပေါင်၊ မိန်းမကိုယ်တို့မှာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်ဒဏ်ရာတွေရရှိခဲ့တဲ့ မစုသီရိအောင်ကို မိတ္ထီလာဆေးရုံကတဆင့် မန္တလေးဆေးရုံကြီးကို ပို့ဆောင်က ဆေးဝါးကုသမှု ခံယူစေခဲ့ပေမယ့် အဆိုပါ မီးလောင်ဒဏ်ရာတွေနဲ့ သြဂုတ်လ ၁၆ ရက်နေ့က သေဆုံးသွာခဲ့ရတယ်လို့ သိရတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လက်ရှိအချိန်မှာ ဓါတ်ဆီလောင်းမီးရှို့သူ နိုင်လင်းကို လူသတ်မှုပုဒ်မ ၃၀၂ နဲ့ မိတ္ထီလာမြို့နယ်၊ အမှတ်(၃)နယ်မြေရဲ စခန်းမှာ အမှုဖွင့်လှစ် ဖမ်းဆီးကာ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိနေတယ်လို့ သိရပါတယ်။

PAN