တာချီလိတ်တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နေသူတစ်ဦး သယ်ဆောင်လာသည့် ဘိန်းစာရွက်အစိုများ ဖမ်းဆီးရမိ

(မှုခင်း) မတ် ၂၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နေသူတစ်ဦး သယ်ဆောင်လာသည့် ဘိန်းစာရွက်အစိုများ ဖမ်းဆီးရမိကြောင်း သိရသည်။

မတ်လ ၂၀ရက်နေ့ညနေ ၅နာရီအချိန်က တာချီလိတ်မြို့၊ ပါဆတ် ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ သတင်းအရ စောင့်ဆိုင်းနေစဉ် သက်ပိုင်ဦး မောင်းနှင်လာသည့် ထိုင်းအက္ခရာနှင့် 6925 နံပါတ်ပါ NISSAN URVAN အမျိုးအစား အဖြူရောင်မော်တော်ယာဉ်မှာ ကြိုဆိုပါ၏ဆိုင်းဘုတ်ဘက်မှ မြို့တွင်းဘက်သို့ မောင်းနှင် ရောက်ရှိလာသဖြင့် ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်နောက်ခန်းတွင် တင်ဆောင် ထားသော ရောင်စုံအစင်းကြား ဆာလာအိတ် ၁ အိတ်လျှင် ဘိန်းစာရွက်ဟု ယူဆရသော အစိမ်းရောင်အရွက်(အစို) အလေးချိန်၂၀ ကီလိုခန့်စီပါ ၃ အိတ်နှင့် ၁၅ ကီလိုခန့်စီပါ ၂ အိတ်၊ စုစုပေါင်း ၅ အိတ်၊ စုစုပေါင်း အလေးချိန် ၉၀ ကီလိုခန့် (ဒေသတန်ဖိုး ၁ ကီလိုလျှင် ငွေ ၄၀၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၃၆ သိန်း)အားလည်းကောင်း၊ သက်ပိုင်ဦး လွယ်ထားသည့် ရောင်စုံအစင်းကြား လွယ်အိတ်အတွင်းမှ 09-267828998 နံပါတ်ပါ Oppo Reno 14 Pro အမျိုးအစား ခဲရောင် လက်ကိုင်ဖုန်း ၁ လုံး၊ ၎င်းမောင်းနှင်လာသော မော်တော်ယာဉ်နှင့် အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ ဘိန်းစာရွက်(အစို)များနှင့်အတူ ဖမ်းဆီးရမိသူ သက်ပိုင်ဦး အမှတ်(၈၀/၉)၊ အမှတ်(၄)လမ်းနှင့် (၅)လမ်းကြား၊ ပါမွေရပ်ကွက်၊ မယ်ဆိုင်မြို့၊ ထိုင်းနိုင်ငံ နေသူအား မူးရစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုရေးဖွင့်ဆောင်ရွက်ထားရှိကြောင်း သ်ိရသည်။